Advertisements
ဓာတ္ပံု - ေစာအယ္လ္ဒီး

ဘားအံ နိုဝင်ဘာ

ကရင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ လယ်ယာမြေကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်လာနိုင်ရန် ရည်ရွယ်၍ တောင်သူလယ်သမားဖိုရမ်ကို ဘားအံမြို့ Breeze ဟိုတယ်၌ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည်။

ဖိုရမ်ကို ဦးဆောင်ကျင်းပသည့် ကရင်ပွင့်လင်းအုပ်စုအသင်းအဖွဲ့ (KOG – Kayin Open Group)မှ ဦးမောင်ကိုက တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းများတွင် စနစ်တကျလုပ်ဆောင်လာနိုင်စေရန်၊ လယ်ယာမြေဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် မူဝါဒများကို လေ့လာသိရှိနိုင်ရန်ကိုလည်း ရည်ရွယ်လျာထားကြောင်း ယခုဖိုရမ် ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဖြည့်စွက်ပြောသည်။

အခမ်းအနားသို့ လှာကမြင်၊ နောင်လုံ၊ ကော့မူးတာ၊ လက္ခဏနောင်ကျန်၊ ခဲတောက်၊ လှာကာ၊ မြိုင်ကလေး၊ ကျေးရွာအုပ်စုများရှိ ကျေးရွာ ၂၄ရွာမှ တောင်သူ ၂၂၀ဦးခန့် တက်ရောက်ကြောင်း သိရသည်။ယင်းအပြင် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖိုရမ်တွင် ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်ဦးက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုလို တောင်သူလယ်သမားများနှင့် ထိတွေ့ဆွေးနွေးရာတွင် တောင်သူများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၊ သီးနှံစိုက်ပျိုးသူများအတွက် ပိုးသတ်ဆေးဥပဒေ၊ မြေသြဇာ ဥပဒေများကို ထည့်သွင်းဆွေးနွေးနိုင်ကြောင်းပြောသည်။

“မရွှေ့မပြောင်းနိုင်သော လယ်ယာမြေဥပဒေနဲ့ ပါတ်သက်ပြီး ယခု KOGအရပ်ဖက်အဖွဲ့အစည်းမှ ထည့်သွင်းသင်တန်းပေးနိုင်ရန် တိုက်တွန်းပါတယ်”ဟု ၎င်းက ဆိုသည်။

တောင်သူလယ်သမားများ အကျိုးစီးပွား မြင့်တက်လာစေရန် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် တောင်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက အခမ်းအနားတွင် ကတိကဝတ်ပြုခဲ့သည်။

မြေလွတ်မြေရိုင်းများကို လယ်ယာစိုက်ပျိုးရန် လိုချင်သော်လည်း သင်တန်း မတက်အားသည့်အတွက် မည်သို့လုပ်ကိုင်ရမည်ဆိုသည်ကို နားမလည် မသိရှိရကြောင်း၊ ယင်းကြောင့် တောင်သူလယ်သမား အခွင့်အရေးကို လိုချင်ကြောင်း၊ လယ်ယာမြေ ဥပဒေကိုလည်း နားလည် တတ်ကျွမ်းလိုကြောင်း လက္ခဏာကျေးရွာအုပ်စုမှ နန်းခင်မြင့်က ပြောသည်။

စပါးစိုက်ပျိုးရာတွင် မြေသြဇာ အတုများ ထွက်ပေါ်လာခြင်းကြောင့် ထွက်သင့်သည့် အရည်အသွေးထက် မထွက်သဖြင့် ယင်း မြေသြဇာ အတုများရှိနေခြင်းကို မလိုလာကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မှန်ကန်သော မြေသြဇာများ လိုချင်ပါကြောင်း လှကမြင်ကျေးရွာအုပ်စုမှ တောင်သူတစ်ဦးက ဝင်ရောက်ဆွေးနွေးသည်။

ဖိုရမ်တွင် တက်ရောက်လာသူများက လယ်ယာမြေဆိုင်ရာများကို အုပ်စုများဖွဲ့ကာ အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောအယ်လ်ဒီး

Leave a Reply