Advertisements

ဘားအံ ၊ ဖေဖော်ဝါရီ ၁၄

ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ ယခင် ဝါဆိုဦး ဈေးဟောင်းမှ ပျံကျဈေးသည်များအနေဖြင့်၎င်းင်းဈေးနှင့် ၂ ဖာလုံအကွာခန့်တွင် အသစ်တည်
ဆောက်ထားသော မဲဘောင်ဈေးသို့တစ်လအတွင်းပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ကမဲဘောင်ဈေး၊ အဆောင်သစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်ဝန်ကြီးဦးသန်းနိုင်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီဝါဆိုဦးဈေးမှာ ပျံကျဈေးအတွက်ရောင်းချဖို့နေရာ ကျဉ်းပါတယ်၊ မူလနေရာမှာပဲ ပြန်လည်ရောင်းချခွင့်ပြုပါလို့ စာတင်လာတာရှိတယ်၊ ဒါကြောင့်ဒီဈေးဆောင်သစ်ကိုတည်ဆောက်ခဲ့ပါတယ်၊ စည်ပင်ဥပဒေအရတော့ ဈေးဟောင်းကိုဖျက်သိမ်းပြီး ဈေးသစ်ကိုပြဋ္ဌာန်းခဲ့တယ်ဆိုရင်တော့ ဈေးအဟောင်းနေရာက လုံးဝရောင်းချခွင့်မရတော့ပါဘူး။ ကျွန်တော်တို့ ဈေးသယ်တွေကို ဈေးအပြောင်းအရွှေ့ကြောင့် တစ်လဈေးကောက်ကင်းလွတ်ခွင့်ပေးထားတယ်” ဟု ပြည်နယ်ဝန်ကြီးကဆိုသည်။

ဝါဆိုဦး ဈေးဟောင်းမှာ ယခင်ကရပ်ကွက်အတွင်း ပျံကျဈေးငယ်အဖြစ်တည်ရှိခဲ့ပြီးလူနေထူထပ်လာသောအခါလူနေရပ်ကွက်အင်္ဂါရပ်နှင့် မညီညွှတ်သည့်အတွက် ၂၀၁၅ခုနှစ်မှစတင်ပြီး မဲဘောင်ဈေးသစ်ကိုတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ တွင် ဈေးသစ်ကိုဖွင့်လှစ်ပြီး ပြောင်းရွှေ့ရောင်းချစေခဲ့သော်လည်း၊ ပျံကျဈေးသည်များ လာရောက်ရောင်းချခြင်းမရှိသဖြင့် မဲဘောင်ဈေးသစ်ကို ပျံကျဈေးသည်များအတွက် ယင်းသို့ တိုးချဲ့တည်ဆောက်ကာ လာရောက်ရောင်းချစေခဲ့ခြင်းဖြစ်ကြောင်း ဘားအံမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနထံမှ သိရသည်။

“ဒီလ ၂ ရက်နေ့ကတည်းက နေရာပြောင်းလာပြီးရောင်းတာ၊ ရောင်းအားတော့ကျတယ်၊ သူတို့ဟိုဘက်ဈေးဟောင်းက ပျံကျဈေးသည်တွေအားလုံးကို ဒီဘက်ပြောင်းလာနိုင်အောင် လုပ်မယ်ဆိုရင်တော့ပြန်ပြီးအဆင်ပြေသွားဖို့ရှိတယ်၊ အဲဒီမှာကရပ်ကွက်ထဲက အိမ်ဆိုင်တွေဖြစ်သလို၊ အိမ်ရှင်တစ်ဦးတည်းက အိမ်ပတ်ပတ်လည်ကို ဈေးခန်းတွေဆောက်ပြီး အငှားချတာမျိုးရှိတယ်၊ အဲဒါကိုသူတို့ဖြေရှင်းနိုင်ရင်ဈေးသစ်မှာ ဈေးသယ်တွေရောင်းရတာ အဆင်ပြေလာမယ်” ဟု ယခင်ဈေးဟောင်းမှ ဈေးသည် ဒေါ်မြအေးက ပြောသည်။

ဈေးသစ်သို့ပြောင်းရွှေ့လာသောအခါတွင် မူလရပ်ကွက်မှဈေးဝယ်သူများသည် ဈေးသစ်အပေါ်စိတ်ဝင်စားမှုမရှိဘဲ ဘားအံမြို့မဈေးသို့သာ သွားရောက်သူများပြားခဲ့ခြင်းကြောင့်နေ့စဉ်ရောင်းအားမှာ ထက်ဝက်ကျော်ကျဆင်းလာရကြောင်း၊ ယင်းအခြေအနေတွင် ကြာရှည်ရပ်တည်ရန်မလွယ်ကြောင်း သားငါးဈေးသည်များကမှတ်ချက်ပေးသည်။

မဲဘောင်ဈေးသစ်ကို ၂၀၁၆ တွင် ဆိုင်ခန်းပေါင်း ၄၃၀ ဖြင့်တည်ဆောက်ပြီး ပျံကျဈေးသည်များအတွက် နေရာချန်ထားပေးမှုမှာကျဉ်းလွန်းသည်ဆိုသဖြင့် ဆိုင်ခန်းနေရာ ၂၂၅ ခန်းကို အသစ်တိုးချဲ့တည်ဆောက်ခဲ့သည်။

ဝါဆိုဦးဈေးဟောင်းမှ ပျံကျဈေးသည်များကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ တစ်လအတွင်း ပြောင်းရွှေ့လာရောက်ရောင်းချရန် တိုက်တွန်းထားကြောင်း၊ မပြောင်းရွှေ့ပါက စည်ပင်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စည်ပင်၊ ဈေးများဌာနခွဲထံမှ သိရသည်။

Written by ရာဟု(ဘားအံ)

Advertisements
<

Leave a Reply