Advertisements

ဘားအံ သြဂုတ် ၂၇

သံလွင်မြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေသည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ ဘားအံမြို့ရှိ ရေဘေးရှောင်စခန်းများတွင် ယခု သြဂုတ်လ စတုတ္ထပတ်၌ ရေဘေးရှောင်ပြည်သူ လူဦးရေ သောင်းချီ၍ ယာယီရွှေ့ပြောင်းခိုလှုံနေရဆဲဖြစ်သည်။

သံလွင်မြစ်ရေသည် သြဂုတ် ၂၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘားအံမြို့၏ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၀ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာသည်။

Advertisements
data-language="en"

ဘားအံမြို့ပေါ်ရှိ အမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅)(၆)၊(၇)၊(၈)၊(၉) ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ရေဘေးအန္တရာယ်များနှင့် ကြုံတွေ့နေရပြီး ဘားအံမြို့ပေါ်တွင် သြဂုတ် ၂၀ ရက်၌ ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုမှ ၁၂ ခုထိ တိုးချဲ့ဖွင့်လှစ်ခဲ့ရကာ အိမ်ထောင်စု ၁၇၆၃ စု၊ လူဦးရေ ၈၉၈၀ ဦး ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

“ရေထပ်တက်မှုတွေ ရှိလာနိုင်တယ်။ အဲဒီအတွက် ကျွန်တော်တို့ဖက်က မိသားစုတွေ နေနိုင်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးစန်းမော်က သြဂုတ် ၂၁ရက်နေ့တွင် ဟင်္သာမီဒီယာကို ပြောသည်။

ယင်းနောက် သြဂုတ် ၂၂ ရက်နေ့ စာရင်းအရ မြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း(၁၄)ခု၌ အိမ်ထောင်စု ၂၀၇၆ စု၊ လူဦးရေ ၁၀၇၈၂ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဘားအံမြို့ပေါ် အမှတ်(၄)(၇)နှင့်(၈)ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်သော်လည်း ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခြင်းမရှိဘဲ မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြသော ရေဘေးသင့်အိမ်ထောင်စုများရှိနေသည်။

အမှတ်(၄)ရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စု(၄၀၀)စု၊ အမှတ်(၇)ရပ်ကွက်မှ (၇၀၀)စု၊ အမှတ်(၈)ရပ်ကွက်ရှိ (၄၀၀)စုကိုလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် တာဝန်ရှိသူများက သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စားသောက်ကုန်များ တစ်အိမ်တက်တစ်အိမ်ဆင်း သွားရောက်ထောက်ပံ့ပေးခဲ့သည်။ ယင်းအပြင် ထောင်ဝိသာသနရံသီဘုန်းတော်ကြီးကျောင်းတွင် ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စု(၁၀၈)စုကိုလည်း လိုအပ်သည်များ ပံ့ပိုးခဲ့သည်။

လမ်းပန်းဆက်သွယ်မှုမှာ ဘားအံ-ဇာသပြင်-မော်လမြိုင်ကားလမ်း၊ ဘားအံ-သထုံကားလမ်းမများရေကျော်လျက်ရှိပြီး အနှေးယာဉ်နှင့်ယာဉ်ငယ်များသွားလာ၍ ခက်ခဲကြောင်း၊ ယာဉ်ကြီးများသာ သွားလာ၍ရကြောင်း သိရသည်။

ဇူလိုင်လတစ်လလုံးနှင့် သြဂုတ် ၂၃ ရက်အတွင်း ရေဘေးဖြစ်ပွားမှုအတွက် ကရင်ပြည်နယ်ရှိ ရေဘေးရှောင်ပြည်သူ ၃၆၀၀၀ ကျော်အတွက် ထောက်ပံ့မှုတန်ဖိုးငွေ ကျပ် သိန်း ၂၁၆၀ ကျော်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြနလည်နေရာချထားရေးဝန်ကြီးဌာန စာရင်းအရ သိရသည်။

စောအယ်လ်ဒီး

Leave a Reply