တွင်းရေ အမည်းရောင်ပြောင်းရသည့် အကြောင်းအရင်းကို မသိရသည်မှာ သုံးလကျော် ကြာမြင့်နေချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကျေးရွာဒေသခံများသည် ၎င်းတို့ ရွာများအနီးရှိ ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးလောင်စာပုံများ၏ ဘေးထွက်ဆိုးကျိုးကိုလည်း စိုးရိမ်ပူပန်နေရသည်။

ဘားအံ၊ ကရင်ပြည်နယ် – ရေတွင်းကုန်းကျေးရွာရှိ အိမ်တိုင်းနီးပါးရှေ့တွင် အပြာရောင်၊ အဝါရောင် ပလပ်စတစ် ရေတိုင်ကီများနှင့် ရေပုံးများ အသီးသီး ချထားကြသည်။ ယခင်က ရေတွင်းကုန်းရွာသူ၊ ရွာသားများသည် ရွာနာမည်နှင့် လိုက်အောင် ကိုယ့်ရေတွင်းမှ ရေကို ကိုယ်တိုင်ငင်ယူ သုံးစွဲခဲ့ပြီး သောက်သုံးရေကို ပလပ်စတစ်ရေတိုင်ကီများ ကိုယ်စီနှင့် ယခုကဲ့သို့ သိုလှောင်ထားရန် မလိုအပ်ခဲ့ပါ။

အိမ်ခြေ ၁၂၀ ခန့်ရှိ ရေတွင်းကုန်းရွာမှ ရွာသူ၊ ရွာသား ၅၀၀ ခန့်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ စ၍ ၎င်းတို့ ရေတွင်းများမှ ရေသည် အောက်ခြေဘက်တွင် အမည်းရောင် ဖြစ်နေသည်ကို သတိထားမိပြီး တွင်းရေကို မသုံးရဲ ဖြစ်ခဲ့ကြသည်။

“သောက်လို့လည်းမရဲ၊ ချိုးလို့လည်း ယားတယ်” ဟု ရေတွင်းကုန်းကျေးရွာ ဒေသခံတစ်ဦးဖြစ်သည့် အသက် ၇၀ အရွယ် ဦးသောင်းငြိမ်းက ပြောသည်။

ဦးသောင်းငြိမ်းက သူနေထိုင်ခဲ့သမျှ ကာလတစ်လျှောက်တွင် တွင်းရေ အရောင်ပြောင်းလဲသည့် အဖြစ်မျိုး တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးဘူးဟု Myanmar Now ကို ပြောသည်။ ၎င်းတို့၏ သောက်သုံးရေ အခက်အခဲကို ကြားသိပြီး ရွာသို့ ရေလှူဒါန်းသူများ ရောက်လာခဲ့ကြသည်။ ထိုအချိန်မှစကာ အရေးပေါ် အခြေအနေအရ ရွာသူ၊ ရွာသားများသည် ရေလှူဒါန်းသူများအပေါ် မှီခိုခဲ့ကြရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ရေတွင်းကုန်းရွာနှင့် အနီးအနားရှိ နတ်ကုန်း၊ ငှက်ပျောတော၊ ကော့ပတိုင်၊ ပန်းကုန်း အစရှိသည့် ကျေးရွာ ငါးရွာသို့ Myanmar Now က ဇန်နဝါရီလလယ်အတွင်း သွားရောက်ခဲ့ရာ ယင်းရွာများအပါအဝင် ရွာပေါင်း၂၇ ရွာတွင် တွင်းရေနှင့် ပတ်သက်ပြီး အလားတူ ဖြစ်ပွားနေသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

သုံးလကျော် ကြာသည့်တိုင် ကျေးရွာများတွင် တွင်းရေ အရောင်ပြောင်းရသည့် အကြောင်းအရင်း အတိအကျကို မသိရဘဲ နေ့စဉ် ကြုံတွေ့နေရသည့် သောက်ရေ၊ သုံးရေ အခက်အခဲကို လှူဒါန်းသည့်ရေဖြင့်လည်းကောင်း၊ ဘားအံမြို့မှ ရေဝယ်ယူ သုံးစွဲ၍လည်းကောင်း ဖြေရှင်းနေကြရသည်။

“သူများလာလှူမှပဲ သောက်ရတယ်။ ကလေးတွေ ရေချိုးဖို့ဆိုရင်လည်း ရေသန့်နဲ့ ရေနွေးနဲ့ ရောပြီး ချိုးရတယ်။ အန္တရာယ်ဖြစ်သွားရင် ကုဖို့ ပိုက်ဆံလည်းမရှိ“ ဟု ဦးသောင်းငြိမ်းက Myanmar Now ကို ပြောသည်။

ငှက်ပျောတောကျေးရွာတွင် ရေအရောင်ပြောင်းခဲ့သည့် ရေတွင်းတစ်တွင်း

ငှက်ပျောတောကျေးရွာတွင် ရေအရောင်ပြောင်းခဲ့သည့် ရေတွင်းတစ်တွင်း

ဒေသခံများရဲ့ သောက်သုံးရေ အခက်အခဲ

ရေအရောင်ပြောင်းခါစ အချိန်က သောက်သုံးရေ လှူဒါန်းသူများနှင့် စည်ကားခဲ့သော်လည်း ယခုအချိန်တွင် လာရောက်လှူဒါန်းသူများ နည်းပါးသွားသည်ဟု Myanmar Now က သွားရောက်ခဲ့သည့် ကျေးရွာ ငါးရွာမှ ဒေသခံများက ပြောသည်။

အိမ်တွင် သုံးရေအတွက် ရေလှူဒါန်းမှုနှင့် မလုံလောက်သည့်အတွက် ဘားအံမြို့မှ ရေ၀ယ်ယူသုံးစွဲနေရသည်ဟု မိသားစုဝင် ခုနှစ်ဦးရှိသည့် ငှက်ပျောတောရွာ ဒေသခံ စောစိန်မြင့်အောင်က ပြောသည်။ ရေလီတာ ၁,၀၀၀ ဆံ့သည့် ရေတိုင်ကီတစ်လုံးအတွက် ကျပ် ၇,၀၀၀ နီးပါး ကျသင့်ပြီး တစ်လတွင် အနည်းဆုံး သုံးကြိမ်ခန့် ၀ယ်ယူသုံးစွဲနေရသည်ဟု ၎င်းက ပြောသည်။

စောစိန်မြင့်အောင်၏ မိသားစုကဲ့သို့ အိမ်တိုင်း ရေဝယ်ယူ မသုံးစွဲနိုင်ကြဘဲ အချို့မှာ လှူဒါန်းသည့်ရေကို ချွေတာသုံးစွဲပြီး တွင်းရေကို ကျိုချက်အသုံးပြုနေရသည်ဟု Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည့် ကျေးရွာရာအိမ်မှူးများအပါအဝင် ဒေသခံ ၂၀ ဦးခန့်က ပြောသည်။

ရေဝယ်ယူ မသုံးစွဲနိုင်သဖြင့် တွင်းရေဖြင့် ရေချိုးသည့်အခါ မီးလောင်ဖုကဲ့သို့ အရည်ကြည်ဖုများ ပေါက်လာတတ်ကြောင်းလည်း ဒေသခံမိသားစုတစ်စုထံမှ သိရသည်။

နတ်ကုန်းရွာနေ အသက် ၄၀ အရွယ် ဦးစောအတိ၏ ပြောပြချက်အရ ၎င်း၏ မိသားစုသည် သုံးရေအတွက် ​ရေတွင်းရေကိုသာ သုံးစွဲကြပြီး လွန်ခဲ့သည့် တစ်လခန့်က ၎င်း၏ အသက် ငါးနှစ်နှင့် ခုနှစ်နှစ်အရွယ် ကလေးနှစ်ယောက်မှာ ယားနာဖုများ ပေါက်လာသည်ဟု သိရသည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက အရောင်ပြောင်းသည့်ရေနှင့် ရေချိုးသည့်အတွက် အနာပေါက်ခြင်း မဖြစ်နိုင်ဘဲ “ရေမချိုးတဲ့ရက် ကြာတဲ့အတွက်ကြောင့်” သာ ဖြစ်နိုင်သည်ဟု တုံ့ပြန်သည်။

ရေတွင်းအသစ်တွေတူးတာ အဖြေလား

ရေအရောင်ပြောင်းသည့် ငှက်ပျောတော၊ နတ်ကုန်း၊ ရေတွင်းကုန်းနှင့် ကော့ပတိုင်ကျေးရွာများတွင် ပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် သောက်သုံးရေအတွက် စက်ရေတွင်းနှင့် လက်ရေတွင်း ရှစ်တွင်း တူးဖော်ပေးနေသည်ဟု ဘားအံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

လက်ရှိအချိန်ထိ ရေတွင်းသုံးတွင်း တူးဖော်ပြီးစီးခဲ့ပြီး ကျန်ရေတွင်းများကို တူးဖော်နေဆဲ ဖြစ်သည်ဟုလည်း သိရသည်။ သို့သော်လည်း ရေတွင်းအသစ်မှ ရေကိုလည်း စိတ်ချလက်ချ မသုံးရဲသေးဟု ရေတွင်းကုန်းရွာ ဒေသခံများက ဆိုသည်။

ထို့အပြင် ရေတွင်းကုန်း၊ ငှက်ပျောတော၊ ကော့ပတိုင်ကျေးရွာများရှိ ရေတွင်းလေးတွင်းမှ ရေနမူနာကို ယမန်နှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံ Saitama တက္ကသိုလ်၊ ပတ်၀န်းကျင်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန၏ ပါမောက္ခ ဒေါက်တာ တာကတ်ရှီဖူဂျီနို (Takeshi Fujino) ထံ ပေးပို့ခဲ့သည်ဟုလည်း သိရသည်။

ဒေါက်တာ တာကတ်ရှီဖူဂျီနိုမှာ ကရင်ပြည်နယ်အစိုးရနှင့် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းလုပ်ဆောင်နေသည့် စီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဖြစ်သည်။ ရေအရောင်ပြောင်းလဲနေသည့် ရွာများမှ ရေတွင်းရေကို အရည်အသွေး စစ်ဆေးပေးရန် ကရင်ပြည်နယ်၊ သဘာဝပတ်ဝန်းကျင်ဦးစီးဌာနက ၎င်းကို အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ တာကတ်ရှီဖူဂျီနိုသည် “ရေတွင်းများမှ ရေများသည် အလွန်သန့်စင်ပြီး သောက်သုံးရန် သင့်တော်သည်” ဟု ရေနမူနာ စမ်းသပ်မှုရလဒ်ကို အီးမေးလ်မှတစ်ဆင့် ဇန်န၀ါရီလ ၅ ရက်နေ့တွင် အင်္ဂလိပ်ဘာသာစကားဖြင့် အကြောင်းပြန်ခဲ့သည်။ ဒေါက်တာ တာကတ်ရှီဖူဂျီနို၏ အီးမေးလ်ပြန်စာကို ကျေးရွာများတွင် ဖြန့်ဝေအကြောင်းကြားထားသည်ဟုလည်း ဦးကျော်ဆန်းက ဆိုသည်။

အဆိုပါ အကြောင်းပြန်စာကို ကျေးရွာသင်ပုန်းများတွင် ကပ်ထားသည်ကိုလည်း Myanmar Now က တွေ့ခဲ့ရသည်။ သို့သော် အဆိုပါ ရေအရည်အသွေးစမ်းသပ်ချက်ရလဒ် ထုတ်ပြန်ချက်ကို ဒေသခံများက စိတ်ဝင်စားမှု နည်းပြီး သောက်သုံးရေအတွက် ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို လျှော့ချမပေးနိုင်ဟု ငှက်ပျောတော၊ နတ်ကုန်း၊ ရေတွင်းကုန်းနှင့် ကော့ပတိုင်ကျေးရွာများ၏ ရာအိမ်မှူးများက ပြောသည်။

နတ်ကုန်းကျေးရွာမှ အသက် ၆၀ အရွယ် ဦးပန်းကျော်က “ကျွန်တော်တို့ကို ရေမည်းရတဲ့ အကြောင်း သေချာမပြောဘူး။ ဘယ်သူမှ အာမ မခံဘူးလေ ဒီရေကိုသောက်လို့ အန္တရာယ် မဖြစ်ဘူးဆိုတာကို။ အဲ့ဒီတော့ ခုထိလည်း သောက်လို့ မရဲလေ” ဟု Myanmar Now ကို ပြောသည်။

ရေအရောင်ပြောင်းလဲသွားရသည့် အကြောင်းအရင်းကို ယခုအချိန်အထိ တိကျပြတ်သားသည့်အဖြေ မရှိသေးဘဲ ပြည်နယ်အစိုးရ၏ ကိုင်တွယ်ပုံမှာ လျော့တိလျော့ရဲ နိုင်သည်ဟု ဘားအံအခြေစိုက်၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ဝေဖန်သည်။

“အစိုးရအနေနဲ့ တိတိကျကျ ခိုင်ခိုင်မာမာ သက်သေပြပြီးတော့ ပြည်သူလူထု ယုံကြည်မှု ခိုင်မာအောင် လုပ်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ရေဘာကြောင့်မည်းသလဲ

ရေတွင်းကုန်းရွာနှင့် တစ်မိုင်ခန့်အကွာအဝေးတွင် တစ်ရက်လျှင် တန် ၄,၀၀၀ ထုတ် မြိုင်ကလေးဘိလပ်မြေစက်ရုံက အမိုးအကာမဲ့ စုပုံထားသော ကျောက်မီးသွေးလောင်စာပုံများမှ ကျောက်မီးသွေးမှုန်နှင့် အပိုင်းအစများသည် ရေနှင့် မျောပါစိမ့်ဝင်ပြီး တွင်းရေ၏ အရောင်ကို မည်းသွားစေခြင်း ဖြစ်သည်ဟု ရေတွင်းကုန်းအပါအဝင် အနီးအနားရှိ ကျေးရွာဒေသခံများက ယူဆသည်။ သို့သော် စက်ရုံတာဝန်ရှိသူများကမူ ယင်းယူဆချက်ကို ငြင်းဆိုထားသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင်၊ “ကြံ့” တံဆိပ် ဘိလပ်မြေ ထုတ်လုပ်သည့် မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံကို ၂၀၀၂ တွင် သဘာ၀ဓါတ်ငွေ့လောင်စာ အသုံးပြု စတင်လည်ပတ်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် စျေးနှုန်းပိုမိုသက်သာသည့် ကျောက်မီးသွေးလောင်စာ အစားထိုးအသုံးပြုရန် ကြိုးပမ်းလာခဲ့သည်။

ယခုအခါ ကျောက်မီးသွေးမှုန်များကို စက်ရုံသို့ ကားကြီးများဖြင့် သယ်ယူသွားခြင်း၊ စက်ရုံအနီးတွင် ကျောက်မီးသွေးမှုန်များ စုပုံထားခြင်းတို့ ရှိနေသည်ဟု အနီးအနားရှိ ကျေးရွာဒေသခံအချို့က Myanmar Now ကို ပြောသည်။

၂၀၁၉ မေလကုန်နှင့် ဇွန်လအစောပိုင်းတွင် ကျောက်မီးသွေးမှုန်များကို စက်ရုံအနီး စုပုံထားသည်ကို စတင်တွေ့ခဲ့ရပြီး ငါးလကျော်၊ ခြောက်လခန့်အကြာတွင် စက်ရုံတည်နေရာ၏ နှစ်မိုင်ပတ်လည်အတွင်းရှိ ကျေးရွာ ၂၇ ရွာခန့်တွင် ရေမည်းသည့် ပြဿနာစတင်လာခဲ့သည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

“ကျောက်မီးသွေးပုံပြီး ခြောက်လလောက်ပဲရှိသေးတယ် ရေမည်းတဲ့ ပြဿနာ စဖြစ်တယ်။ ကျောက်မီးသွေးလောင်စာ သုံးရင် ဘယ်လောက်ထိ ဆိုးမလဲဆိုတာ တွေးတောင်မတွေးရဲဘူး” ဟု ငှက်ပျောတောကျေးရွာ ဒေသခံ စောစိန်မြင့်အောင်က ပြောသည်။

ကရင်ပြည်နယ်အစိုးရ၊ သဘာ၀ပတ်၀န်းကျင်၊ သစ်တော၊ သတ္တု နှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးစောပြည်သာကမူ ရေအရောင် ပြောင်းလဲရခြင်းမှာ ကျောက်မီးသွေးမှုန်ကြောင့် တစ်ခုတည်း မဟုတ်ဘဲ အကြောင်းအရင်း သုံးခုကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

“ကျောက်မီးသွေးတွေ သိုလှောင်ထားတာ စနစ်တကျမဟုတ်ဘဲ အပုံလိုက်ဖြစ်တော့ မိုးတွင်းရေကြီးချိန်မှာ မျောပါသွားတာလည်း ဖြစ်နိုင်တယ်။ ရေက နွေကျတော့ ခမ်းလာတယ်။ အဲ့ဒီတော့ သစ်မြစ်၊ သစ်ရွက်၊ သစ်ဆွေးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ထုံးကျောက်တောင် တူးတဲ့အခါမှာ မန်ဂနိစ္စပါတဲ့ အတွက်ကြောင့် ရေမည်းတာလည်းဖြစ်နိုင်တယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံ အနီးရှိ ကျေးရွာများသို့ Myanmar Now က သွားရောက်ကြည့်ရှုခဲ့ချိန်တွင် ဘိလပ်မြေစက်ရုံဝင်းအတွင်းရှိ ကုန်းမြင့်တစ်ခုပေါ်၌ အမိုးအကာမရှိ စုပုံထားသည့် ပေ ၂၀ ခန့် အမြင့်ရှိ ကျောက်မီးသွေးပုံတစ်ပုံနှင့် အမိုးအကာမလုံသည့် အစိမ်းရောင်ဂိုဒေါင်ထဲတွင် ပုံထားသော ကျောက်မီးသွေးပုံတစ်ပုံတို့ကို တွေ့ခဲ့ရသည်။

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံအနီး ကျောက်မီးသွေးလောင်စာများ အမိုးအကာမဲ့ သိုလှောင်ထားသည်ကို တွေ့ရစဉ်

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံအနီး ကျောက်မီးသွေးလောင်စာများ အမိုးအကာမဲ့ သိုလှောင်ထားသည်ကို တွေ့ရစဉ်

စက်ရုံပတ်၀န်းကျင်တွင် အမိုးအကာမရှိ စုပုံထားသော ကျောက်မီးသွေးပုံများကို နေရာပြောင်းရွှေ့ပေးရန် စက်ရုံကို အကြိမ်ကြိမ် တိုက်တွန်းထားသည်ဟုလည်း ကရင်ပြည်နယ်၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြောသည်။

အဆိုပါ အမိုးအကာမဲ့ ကျောက်မီးသွေးပုံ၏ အောက်ဘက်၊ ပေ ၅၀ ခန့်အကွာရှိ ရေအိုင်နှစ်ခုမှ ရေကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက စစ်ဆေးခဲ့ရာ အရောင်ပြောင်းလဲမှု မရှိဘဲ စက်ရုံမှ နှစ်မိုင်ဝန်းကျင် အကွာရှိ ကျေးရွာများတွင်သာ ရေအမည်းရောင် ပြောင်းလဲခဲ့သည်ကို တွေ့ရသည်ဟုလည်း ဦးကျော်ဆန်းက Myanmar Now ကို ပြောသည်။

သို့သော်လည်း ယင်းကျောက်မီးသွေးပုံအနီးရှိ ရေအိုင်တစ်အိုင်ကို Myanmar Now က သွားရောက်ကြည့်ရှုခဲ့ရာ ရေမှာ နောက်ကျိနေပြီး အောက်ခြေတွင် အမည်းရောင် ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံအနီးရှိ ရေအိုင်တစ်အိုင်

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံအနီးရှိ ရေအိုင်တစ်အိုင်

တစ်ဦးတစ်ယောက်ရဲ့“ပယောဂ” ကြောင့်လား

ရေအရောင်ပြောင်းလဲမှု၊ ကျောက်မီးသွေးလောင်စာ အသုံးပြုမှုတို့နှင့် ပတ်သက်ပြီး မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံမှ တာ၀န်ရှိသူနှင့် တွေဆုံခွင့်ရရှိရန် Myanmar Now က ကြိုးစားခဲ့သော်လည်း သတင်းမီဒီယာများ တွေ့ဆုံမေးမြန်းလိုသည့် အကြောင်းကို နေပြည်တော်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရုံးချုပ်ထံ တင်ပြထားဆဲဖြစ်သည်ဟု ဒုစက်ရုံမှူးရုံးခန်းအတွင်းမှ တာ၀န်ရှိသူတစ်ဦးက ဇန်နဝါရီလ ၁၇ ရက်က ပြောသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် MEC က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်ကမူ ရေအရောင် ပြောင်းလဲမှုမှာ စက်ရုံတွင် သိုလှောင်ထားသော ကျောက်မီးသွေးကြောင့် မဟုတ်ကြောင်းနှင့် ရေကို စစ်ဆေးရာ ကျောက်မီးသွေးတွင် ပါဝင်သော ဓာတ်သတ္တု ပျော်ဝင်မှု မရှိကြောင်း ဆိုထားသည်။

ဘိလပ်မြေစက်ရုံ၏ ဓာတ်ခွဲခန်း၊ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် Development Management and Technology Company Limited၊ ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည်တို့၏ ဓာတ်ခွဲခန်း စစ်ဆေးတွေရှိချက်များအရ ယင်းကဲ့သို့ ကောက်ချက်ချနိုင်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်က ဆိုသည်။

“… ရေများ အနက်ရောင်သို့ ပြောင်းလဲခြင်းမှာ ရေအရင်းအမြစ်နှင့် သဘာဝပါတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အရောင်ပြောင်းခြင်း မဟုတ်ဘဲ မသမာသူ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ပရောဂကြောင့် အရောင်ပြောင်းလဲခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ရသဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

ထို့အပြင် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် “စိမ်းလန်းအမိမြေ ဖွံဖြိုးတိုးတက်ရေးအသင်း” က ရေအရောင်ပြောင်းသည့် ကျေးရွာများရှိ ရေတွင်း ၇ တွင်းမှ ရေနမူနာကို အောက်တိုဘာလအတွင်းက ယူခဲ့ပြီး ရေများကို သောက်သုံးရန် သင့်၊ မသင့် သိရှိနိုင်ရန် စမ်းသပ်ခဲ့ရာ တွင်းရေအချို့တွင် pH တန်ဖိုး အနည်းငယ် ကျဆင်းနေခြင်းမှလွဲ၍ ကျန်အရည်အသွေးများမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်သည့် သောက်သုံးရေစံနှုန်းအတွင်း ရှိနေသည်ဟု ထုတ်ပြန်ခဲ့သည်။

ရေအရောင်ပြောင်းလဲသွားသည့် ရေတွင်းများမှ ရေများကို စနစ်တကျ ရေစစ်ခြင်း၊ ကြိုချက်ခြင်းနည်းလမ်းများအသုံးပြုပြီး သောက်သုံးနိုင်သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ခဲ့သည်။

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံအနီး ရေအိုင်တစ်အိုင်ဘေးရှိ မြေဆီလွှာတွင် အမည်းရောင်မြေသားများ ဖြစ်နေသည်ကို တွေ့ရစဉ်

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံအနီး ရေအိုင်တစ်အိုင်ဘေးရှိ မြေဆီလွှာတွင် အမည်းရောင်မြေသားများ ဖြစ်နေသည်ကို တွေ့ရစဉ်

အငြင်းပွားဖွယ်ရာ ကျောက်မီးသွေးလောင်စာ

ဘိလပ်မြေစက်ရုံမှူး အပါအဝင် စက်ရုံတာဝန်ရှိသူ အချို့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ တို့တွင် စက်ရုံအရှေ့ဘက်ခြမ်းရှိ ရေကျော်၊ သဲကုန်း၊ တောင်ထိပ်၊ တောင်အောက်၊ လှာကာ၊ ဇရပ်ဖြူ အစရှိသည့် ကျေးရွာ ၁၁ ရွာမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ဒေသခံအချို့ကို ဖိတ်ကြားပြီး ကျောက်မီးသွေးလောင်စာ ပြောင်းလဲအသုံးပြုမည့် အကြောင်းကို ရှင်းလင်းခဲ့သည်ဟု ထိုပွဲတက်ရောက်ခဲ့သည့် မြိုင်ကလေးကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာမှ ဦးစိန်သန်းက Myanmar Now ကို ပြောသည်။

ထိုရှင်းလင်းပွဲတွင် စက်ရုံတာဝန်ရှိသူများက စက်ရုံကျောက်မီးသွေးအသုံးပြုခြင်းကြောင့် ရလာနိုင်သည့် ကောင်းကျိုးအချက်အလက်များကို ရှင်းပြခဲ့ပြီး ကျောက်မီးသွေးအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို စက်ရုံမှ တာ၀န်ယူမှုရှိ၊မရှိ ဒေသခံများက မေးခွန်းထုတ်ခဲ့သော်လည်း စက်ရုံဘက်မှ ဖြေကြားခဲ့ခြင်းမရှိဟု ၎င်းက ပြောသည်။

ကျောက်မီးသွေးလောင်စာ အသုံးပြုမည့် အစီအစဉ်နှင့် ဘေးထွက်ဆိုးကျိုးများကို စက်ရုံအနီးအနားရှိ ဒေသခံများက စိုးရိမ်ပူပန်နေချိန် ၂၀၁၈ စက်တင်ဘာအတွင်းက ကျောက်မီးသွေးအမှုန့်များကို သံလွင်မြစ်၊ ဖိုးရှိုးဆိပ်ကမ်းမှတဆင့် စက်ရုံသို့သယ်ဆောင်ရာတွင် လမ်းမပေါ်သို့ ဖိတ်စင်ကျသဖြင့် ယင်းဒေသခံများက ကန့်ကွက်ခဲ့သည်ဟုလည်း ဦးစိန်သန်းက ပြောသည်။

ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်ရန်ပြင်ဆင်ခြင်း၊ ခွင့်ပြုမိန့်ရရှိခြင်းရှိ၊ မရှိ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိသည့်အတွက် အဆိုပါ အစီအစဉ်အားကန့်ကွက်ကြောင်းနှင့် စီမံကိန်းကြောင့် လူမှုပတ်၀န်းကျင်ထိခိုက်နိုင်မှု သုတေသနစစ်တမ်း ( EIA) လုပ်ဆောင်ရန်နှင့် စီမံကိန်းအပေါ် ပြည်သူများ၏ သဘောထားမရရှိမီကာလအတွင်း ကျောက်မီးသွေးသယ်ယူခြင်းကို ရပ်တန့်ထားရန် စက်ရုံအနီးရှိ ကျေးရွာ ၂၀ ကျော်မှ ဒေသခံများက ၂၀၁၈ ခုနှစ် နို၀င်ဘာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လည်း ၂၀၁၉ မေလကုန်ခါနီးနှင့် ဇွန်လအစောပိုင်းတွင် ကျောက်မီးသွေးမှုန်များကို စက်ရုံအနီးတွင် ထပ်မံစုပုံထားသည်ကို တွေ့မြင်ရသည်ဟု Myanmar Now ကတွေ့ဆုံခဲ့သည့် စက်ရုံတောင်ဘက်ရှိ ကျေးရွာဒေသခံများက ပြောသည်။

၂၀၁၇ ဖေဖော်ဝါရီလ ၁၀ ရက်တွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်က မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံ သဘာ၀ဓါတ်ငွေ့အစား ကျောက်မီးသွေးပြောင်းလဲအသုံးပြုရန် ဆောင်ရွက်ရာတွင် လူမှုပတ်၀န်းကျင် ထိခိုက်မှုဆန်းစစ်ချက်အစီရင်ခံစာ (EIA/ SIA) တင်ထားခြင်းရှိ၊ မရှိ မေးမြန်းခဲ့ဖူးသည်။

ယင်းမေးခွန်းနှင့် ပတ်သက်ပြီး စက်ရုံသည် EIA နှင့် ပတ်၀န်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ကို ၀န်ကြီးဌာနထံ တင်ပြထားခြင်း မရှိသေးဟု သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးအုန်း၀င်းက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

လက်ရှိတွင် မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးလောင်စာ အသုံးပြုရန် စီစဉ်နေသော်လည်း လက်ရှိတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံ မရှိသေးဘဲ ရေးဆွဲနေဆဲ အဆင့်မှာသာ ရှိနေသေးသည်ဟု ဦးစောပြည်သာက Myanmar Now ကို ပြောသည်။

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံ

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံ

သို့သော်လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ကျောက်မီးသွေးလောင်စာ အသုံးပြု စမ်းသပ်လည်ပတ်နေပြီ ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်နှင့် မြိုင်ကလေးကျေးရွာအုပ်စုနေ အသက် ၄၀ အရွယ် စက်ရုံဝန်ထမ်းတစ်ဦးတို့က Myanmar Now ကို ပြောသည်။

ယင်းဘိလပ်မြေစက်ရုံသည် ပုဂ္ဂလိကပိုင်လုပ်ငန်း မဟုတ်သည့်အတွက် ကရင်ပြည်နယ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေနှင့် စစ်ဆေးနိုင်ခြင်း မရှိဟု ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးစိန်လွင်က ပြောသည်။

“စက်လည်ပတ်ခွင့်” ကို ယမန်နှစ်အတွင်းက ၎င်း၏ ဦးစီးဌာနထံ တင်ပြလာသည့်အတွက် အထက်ကို ဆက်လက် တင်ပြထားဆဲ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

သဘာ၀ဓါတ်ငွေ့လောင်စာအစား ကျောက်မီးသွေး လောင်စာ ပြောင်းလဲအသုံးပြုမည်ဆိုလျှင် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့သို့ တင်ပြရန် လိုအပ်သည်ဟု ဦးစောမိုးမြင့်က ပြောသည်။

သို့သော် ယင်းဘိလပ်မြေစက်ရုံအနေဖြင့် ကျောက်မီးသွေးလောင်စာ ပြောင်းလဲအသုံးပြုခွင့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားခြင်း မရှိသေးကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးသန့်စင်လွင်က ဇန်န၀ါရီလ ၂၀ ရက်တွင် Myanmar Now ကို ပြောသည်။

ဇန်န၀ါရီလ ဒုတိယပတ်က မြိုင်ကလေး ဘိလပ်မြေစက်ရုံသို့ သွားရောက်လေ့လာချက်အရ စက်ရုံအနေဖြင့် ကျောက်မီးသွေးလောင်စာများကို လုံခြုံစနစ်ကျစွာ သယ်ယူပို့ဆောင်နိုင်မည့်စနစ်၊ ကျောက်မီးသွေးပုံများမှ ထွက်လာသည့်ရေများကို စနစ်တကျ စွန့်ပစ်နိုင်ရန် ရေစစ်ကန်စနစ်၊ ကျောက်မီးသွေးလောင်စာအသုံးပြုပြီးနောက် ထွက်လာသည့် ပြာများကို သန့်စင်ပြီးမှ ထုတ်လွှတ်မည့် ပြာဖမ်းစနစ်တို့ကို တပ်ဆင်ရန် စီစဉ်နေကြောင်း ဦးစောမိုးမြင့်က ဆိုသည်။

ယင်းဘိလပ်မြေစက်ရုံ သည် တစ်လလျှင် ကျောက်မီးသွေး တန်ချိန် နှစ်သောင်း အသုံးပြုမည်ဖြစ်ပြီး အနည်းဆုံး လေးလစာအတွက် ကျောက်မီးသွေးများ သိုလှောင်ထားရန်လိုသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံအနီးရှိ ဂိုဒေါင်အချို့တွင် ကျောက်မီးသွေးလောင်စာများ သိုလှောင်ထားပုံ

မြိုင်ကလေး တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံအနီးရှိ ဂိုဒေါင်အချို့တွင် ကျောက်မီးသွေးလောင်စာများ သိုလှောင်ထားပုံ

ကျောက်မီးသွေးလောင်စာအသုံးပြုပြီး စတင်လည်ပတ်ပါက ဒေသခံအရပ်ဘက်အဖွဲ့များပါ၀င်သည့် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းထားရှိရန်၊ စက်ရုံမှ ထုတ်လွှတ်သည့် မီးခိုးငွေ့ထဲတွင် ပြာနှင့် ကာဗွန် ဒိုင်အောက်ဆိုဒ် ပါ၀င်မှုနှုန်းတို့ကို လူအများမြင်သာစေရန် စက်ရုံအ၀င်၀တွင် LED board ဖြင့် ထုတ်ပြန်ပေးရန်၊ စက်ရုံအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကာ ဒေသခံလူထုက တောင်းဆိုလာပါက စက်ရုံထဲသို့ အခါမရွေး ၀င်ရောက်စစ်ဆေးခွင့်ပေးရန် စသည်တို့ကို ၎င်းက အကြံပြုသည်။

လက်တွေ့တွင်မူ ဒေသခံများသည် ၎င်းတို့ ရွာများရှိ တွင်းရေများ အရောင်ပြောင်းရသည့် အကြောင်းအရင်းကိုပင် မသိရသည်မှာ လချီကြာမြင့်နေပြီး ကြံရာမရသည့်အဆုံး ဆုတောင်းပွဲ ကျင်းပရတော့သည်။

ရေအရောင်ပြောင်းလဲခြင်းကြောင့် ခံစားနေရသည့် ဘေးဥပါဒ်များကို ကုစားနိုင်ရန်အတွက်ဟုဆိုကာ စက်ရုံအနီးပတ်၀န်းကျင်ရှိ ဘားအံမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၇ ရွာမှ ဒေသခံ ၈၀၀ ခန့်က ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် ဆုတောင်းပွဲတစ်ရပ်ကို နတ်ကုန်းကျေးရွာတွင် ပြုလုပ်ပြီး သောက်သုံးရေအခက်အခဲကြောင့် ခံစားနေရသည့် အခက်အခဲများ၊ စား၀တ်နေရေးအတွက် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်တိုင်တည်ခဲ့ကြသည်။

ကော့ပတိုင်ရွာနေ အသက် ၆၁နှစ်အရွယ် ဒေါ်ခင်စိန်ကမူ “တစ်ခါမှ ရေမည်းတာမရှိ။ ဒီလိုသာဆို ခက်ရောပေါ့။ ပြေးစရာလည်း မရှိဘူးလေ။ သေရုံပဲ ရှိတော့တာပေါ့” ဟု မျက်ရည်ဝဲဝဲနှင့် ခပ်တိုးတိုး ညည်းတွားသည်။

Leave a Reply