Advertisements

ဘားအံ ၊ အောက်တိုဘာ ၅

ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ဘားအံမြို့၌ မီးရောင်စုံအလှ ဖားစည်မြေည ခေါင်းစဉ်ဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ဇွဲကပင်ခန်းမ၊ ပန်းခြံဝင်းအတွင်းကျင်းပရာ ဝင်ကြေးကောက်ခံမှုနှင့်ပတ်သက်၍ ယင်းပွဲစီစဉ်သူများအပေါ် လူမှုကွန်ရက်စာမျက်နှာနှင့် ဒေသအတွင်း ဝေဖန်မှုများ ရှိခဲ့သော်လည်း လာရောက်ဆင်နွှဲသူ များပြားစည်ကားခဲ့ကြောင်း သိရှိရသည်။

“ဒါက ကရင်ပြည်နယ်မှာ ပထမဆုံးလုပ်တာပါ။ အဓိကကတော့ ပြည်နယ်သူပြည်နယ်သားတွေ ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်ကြီးကို အေးချမ်းပျော်ရွှင်စွာနဲ့ ကျော်ဖြတ်စေချင်တဲ့ဆန္ဒနဲ့ အားလုံး ဝိုင်းဆောင်ရွက်ကြတာပါ။ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဒါက ပထမနှစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါကို မိဘပြည်သူများအနေနဲ့ အားနည်းချက်တွေအတွက် ခွင့်လွှတ်ပါလို့တောင်းပန်ပါတယ်” ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(KSCCI) ဥက္ကဋ္ဌ ဦးစောဟန်အေးက ပြောသည်။

စတင်ကျင်းပသည့် အောက်တိုဘာ ၄ရက် ညနေပိုင်းတွင် အဆိုပါပွဲတော်ကို ပြည်နယ်အစိုးရတာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့သော်လည်း ဒေသခံများအဖို့ ကျေနပ်အားရဖွယ် မီးအပြင်အဆင်များမရှိခြင်း၊ ဈေးရောင်းပွဲတော်ဟုဆိုစေကာမူ ဆိုင်ခန်းအနည်းငယ်သာ ရှိနေခြင်း၊ ကန်သာယာတံတားနှင့် ဇွဲကပင်ခန်းမဝင်းအတွင်း ကန့်သတ်ပိတ်ပင်ထားပြီး ဝင်ကြေးအဖြစ် လူကြီး ၁၅၀၀ကျပ်နှင့် ကလေး ၁၀၀၀ကျပ်နှုန်းကောက်ခံမှုမှာ ဒေသခံတို့အတွက် မြင့်မားသောနှုန်းထားဖြစ်နေသည်ဟုဆိုကာ ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။ သို့တစေ ဒုတိယနေ့ဖြစ်သည့် သီတင်းကျွတ်လပြည့်ညတွင် နယ်မြေခံများနှင့် အခြားမြို့ရွာမှ ဧည့်သည်များ လာရောက်လည်ပတ်မှုဖြင့် ယင်းပွဲတော်မှာ အထူးပင် စည်ကားခဲ့သည်။

“ကျွန်မတို့ ပန်းခြံကိုလာတော့ ဝင်ကြေးပေးပြီးမှ ဝင်ခဲ့တယ်။ အထဲမှာ ရန်ကုန်တို့ မကွေးတိုင်းတို့မှာ လုပ်တာတွေ တွေ့ဖူးထားတော့ လှနေမယ်ထင်ခဲ့တာ။ စဖွင့်တဲ့နေ့ကတော့ လူတွေက ကန်သာယာတံတားဘက်က လာတယ်။ ခန်းမဝင်းထဲမှာ ဘာမှ သိပ်မရှိကြတော့ လှည့်ပြန်သူက များတယ်။ ဒီလပြည့်ညတော့ လူလာများတယ်။ ခန်းမထဲမှာကလည်း ဖျော်ဖြေရေးတွေ သီချင်းဆိုပြိုင်တာတွေရှိတယ်။ ဖေ့စ်ဘုတ်မှာတော့ ဝင်ကြေးကောက်တာနဲ့ပတ်သက်ပြီး တက်ရေးကြတာ စုံနေရောပဲ”ဟု ပွဲလာရောက်လည်ပတ်သူ ဘားအံမြို့ခံတစ်ဦးက ပြောဆိုသည်။

၎င်းပွဲတော်ကို ဧရာဝတီဘဏ်နှင့် KSCCI တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များလည်း ထည့်သွင်းထားသည်။ ဒေသထွက်ကုန်နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်ခန်းပေါင်း ၈၀ ခန့် ခင်းကျင်းပြသခဲ့ကြပြီး ပွဲခင်းအတွင်း ကန်သာယာပတ်လည်တွင် မီးရောင်စုံအလှဆင်ခြင်းများကို ပြကွက်အလိုက် ပြင်ဆင်ထွန်းညှိပေးထားခဲ့သည်။ ယခုလ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပရာတွင် လာရောက်လည်ပတ်ကြည့်ရှုသူများထံမှ ဝင်ကြေးသတ်မှတ်ကောက်ခံကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

Written by – ရာဟု

 

Advertisements
<

Leave a Reply