ဘားအံ၊ စက်တင်ဘာ

UHM Development ကုမ္ပဏီမှ တည်ဆောက်သော တန်ဖိုးသင့်တိုက်ခန်းများကို အစိုးရဌာနဆိုင်ရာဝန်ထမ်းများအတွက် မဲနှိုက်ရောင်းချပေးပွဲကို စက်တင်ဘာ၂၄ရက်နေ့က ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဌာနဆိုင်ရာဝန်ထမ်းများ အငြိမ်းစားယူပြီးချိန်တွင် မြို့ပြလူနေမှု၌ အဆင့်မြင့်နေထိုင်နိုင်ရန်နှင့် အနည်းဆုံးတိုက်ခန်းတစ်ခန်းပိုင်ဆိုင်စေရန် ရည်ရွယ်ချက်ဖြင့်တန်ဖိုးသင့်တိုက်ခန်းများ အရစ်ကျရောင်းချပေးခြင်းဖြစ်ပြီး ဝန်ထမ်းများအတွက် တိုက်ခန်းရောင်းချပေးရာ၌ ကနဦး၃၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ကျန်၇၀ရာခိုင်နှုန်းကို ဘဏ်နဲ့ချိတ်ဆက်၍ လစဉ် ၁ သိန်း ၇ သောင်းခန့်ကို ၅ နှစ်တိုင်အောင် အရစ်ကျပေးသွားရမှာ ဖြစ်ကြောင်း သိရသည်။

“ရွှေဖားစည်အိမ်ရာ ၁ ဆိုပြီးတော့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ခွင့်ပြုပေးလိုက်တာ။ Development ကတော့ သူဟာသူ မြေဝယ်ပြီးတော့ ဆောက်တာပဲ။ ဒါပေမဲ့ တန်ဖိုးနည်းအိမ်ရာတော့ မဟုတ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆို သူမှာက မြေဝယ်ရတာကိုး။ကျွန်တော်တို့မြို့ရဲ့ မြေပေါက်ဈေးကလည်း သိတဲ့အတိုင်းပဲလေ။ ဒုတိယအကြိမ် သူထပ်လုပ်မယ်ဆိုတော့ ကျွန်တော်တို့နိုင်ငံတော်ကလည်း ဝန်ထမ်းတွေအပေါ်လုပ်ပေးမယ့်ရည်ရွယ်ချက် နဲ့လည်းကိုက်ညီပါတယ်။ ဒါကြောင့်လုပ်ဆောင်ပေးတာပါ ” ဟု ပြည်နယ်အစိုးရအဖွဲ့ စီမံ၊ဘဏ္ဍာ၊စည်ပင်ဝန်ကြီး ဦးသန်းနိုင်က ပြောသည်။

ဘားအံမြို့၊အမှတ် ၅ ရပ်ကွက်၊ အထက ၃ အနီး မြေဧရိယာအကျယ် ၃ ဧကခွဲပေါ်၌ ၄ ခန်းတွဲ ၅ လွှာ ၊ တိုက်အလုံးပေါင်း ၁၅ လုံးကို တည်ဆောက်နေပြီး အခန်းဖွဲ့ပြင်ထားသော မြေညီထပ်အခန်းအတွက် ၁၇၅ သိန်း၊ ပထမထပ် သိန်း ၁၇၀ ၊ ဒုတိယ သိန်း ၁၆၅ ၊ တတိယထပ် သိန်း ၁၆၀ ၊ စတုတ္ထထပ် သိန်း ၁၅၅ နဲ့ ရွှေဖားစည်အိမ်ရာစီမံကိန်း ၁ မှ အခန်း ၃၂ ခန်း၊ စီမံကိန်း ၂ မှ အခန်း ၃၀၀ စုစုပေါင်း ၃၃၂ ခန်းအားဝန်ထမ်းများအတွက် ရောင်းချပေးမည်ဟုသိရသည်။

“ကျွန်တော်က ဝန်ထမ်းလုပ်သက် ၃၃ နှစ်ကျော်ပြီးပေါ့နော်။ ဒီလာမယ့် ၂၀၂၀မှာ ပင်စင်ယူတော့မယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းကာလသက်တမ်းမှာ ဝန်ထမ်းအိမ်ရာတွေနဲ့ပဲ အခြေချနေထိုင်ခဲ့တဲ့ ၃၃ နှစ်ကျော်ကာလလုံးမှာတစ်မြို့ တစ်မြို့ ပြောင်းပြောင်းပြီးတော့ ကိုယ်ပိုင်အိမ်လည်းမရှိခဲ့ဘူး။ ဒီပင်စင်လေးယူတဲ့အချိန်မှာ စုဆောင်း ထားတဲ့ငွေကြေးလေးနဲ့ ဒီတိုက်ခန်းကို ဝယ်ယူခွင့်တင်ခဲ့တာပါ။ ဒါကိုယ်ရဲ့ ဝန်ထမ်းရဲ့ လုပ်သက်အကျိုးကျေးဇူးကြောင့် ဒါရတယ်လို့ပဲတွေးပြီး အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်”လို့ ကရင်ပြည်နယ် အားကစားနဲ့ ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးဦးအေးလွင် က ပြောသည်။

တန်ဖိုးသင့်တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများအတွက် ရောင်းချပြီးပါက မကြာမီကာလ၌ ဒေသခံပြည်သူတွေနှင့် ကုမ္ပဏီဝန်ထမ်းတွေကိုပါ သင့် တင့်သောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးသွားနိုင်အောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူထံမှသိရသည်။

“လက်ရှိဝန်ထမ်းတွေကိုရောင်းချတဲ့အခါမှာ ကျွန်တော်တို့ဆောက်လုပ်မှုစရိတ် အရင်းအတိုင်းပဲ ကျွန်တော်တို့ရောင်းချပါတယ်။ မြေရာတန်ဖိုးတွေကို မတွက်ပါဘူး။ ပုဂ္ဂလိကတွေကို ရောင်းချတဲ့အခါမှာ အကျိုးအမြတ်တစ်ခုထည့်သွင်းပြီးတော့ အဆင်ပြေဝယ်ယူနိုင်အောင် ရောင်းချမှာပါ”ဟု UHM Development ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းအောင်ရွှေ က ပြောသည်။

အဆိုပါ အိမ်ရာစီမံကိန်းမှာ ကရင်ပြည်နယ်တွင် ဒုတိယမြောက် အိမ်ရာစီမံကိန်းဖြစ်ပြီး ဆက်လက်၍ UHMကုမ္ပဏီမှ ပြည်နယ်အစိုးရနှင့် မြိုပြသာယာလှပရေး ကမ်းနားလမ်း အများပြည်သူ အပန်းဖြေနေရာများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟုသိရှိရသည်။

Written by –ရာဟု

Leave a Reply