၂၀၂၀ ဧပြီ ၁၄

Covid-19 ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလ၊ မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ တစ်နိုင်ငံလုံးအတိုင်းအတာအရ အခမဲ့ ဖြန့်ဝေလျက်ရှိရာ ဘားအံမြို့ပေါ် ရပ်ကွက်များသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်ဝန်ကြီးများ ဧပြီလ(၁၀)ရက် နံနက်ပိုင်းက စတင်လျက် လိုက်လံဖြန့်ဝေပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က ဧပြီလ(၁၀)ရက်တွင် အမှတ်(၉)ရပ်ကွက် အောင်ရတနာလမ်းနေ အိမ်ထောင်စု (၂၀၀)အတွက် စတင်ကာ ဖြန့်ဝေပေးခဲ့ကြောင်း ပြည်နယ်အစိုးရ လွှင့်တင်သည့် ဝက်ဘ်ဆိုက် အချက်အလက်များတွင် တွေ့ရသည်။

အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်က ထောက်ပံ့သည့် အခြေခံစားသောက်ကုန် ငါးမျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာတို့ကို အစိုးရတာဝန်ရှိသူများက လက်ဝယ်အရောက် လိုက်လံ ပေးအပ်ခဲ့ကြသည်။

ဖြန့်ဝေမှုလုပ်ငန်းစဉ်ကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြည်နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“အခု ထောက်ပံ့ပေးနေတာကတော့ လက်လုပ်လက်စား အိမ်ထောင်စုတွေကိုပါ၊ ရပ်ကွက်တစ်ခုလုံးကနေ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ ရွေးပေးတဲ့ အိမ်ထောင်စုတွေ ဖြစ်ပါတယ်၊ နိုင်ငံတော်ကနေ (၁၀) ရက်နေ့မှာ စဝေပါလို့ တရားဝင် ပြောလာတဲ့အခါကျတော့ ကျွန်တော်တို့ ကရင်ပြည်နယ်မှာရှိတဲ့ (၇)မြို့နယ်လုံး လက်ရှိမြို့ပေါ်မှာရှိနေတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တွေကို စုလိုက်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေ အရင်ထောက်ပံ့ပေးပါတယ်”ဟု ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောကြားခဲ့ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်သည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကုန်သည်ကြီးများအသင်းနှင့် ချိတ်ဆက်ကာ အခြေခံစားသောက်ကုန်ငါးမျိုးကို မှာယူပြီး ပြည်နယ်ရှိ (၇)မြို့နယ်စလုံးသို့ ဖြန့်ခွဲထားကြောင်း ဝန်ကြီးက ဆို၏။

“သင်္ကြန်ကာလ ပိတ်ရက်ရှည်ကာလအတွင်း လူထုအတွက် အကျိုးသက်ရောက်မှု တစ်ခု ရှိမယ်၊ လက်လုပ်လက်စားတွေအတွက် အထောက်အပံ့ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။

အိမ်ထောင်စု ၉၂၈၆၅ စုမှ အိမ်ထောင်စုဝင် လူဦးရေ ၄၃၃၄၆၇ ဦးတို့အား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ပဲ အစရှိသည့် အခြေခံစားသောက်ကုန်ငါးမျိုးကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

“အိမ်ထောင်စုတစ်စုကို တစ်ခါပဲ ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့် ထောက်ပံ့ပစ္စည်းမရလိုက်တဲ့အိမ်ထောင်စုတွေ မနစ်နာရလေအောင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို စိစစ်ပြီး ပြန်လည်တင်ပြပေးဖို့ ညွှန်ကြားထားပါတယ်”ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြည်သူများတင်ပြချက်ကို စိစစ်၍ နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများ သုံးသပ်ချက်အရ ယခု ရိက္ခာပံ့ပိုးမှု အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဓာတ်ပုံများ – ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဝက်ဘ်ဆိုက်

မြတ်သွင်ဦး

Leave a Reply