ဘားအံ၊ မေ ။       ။ ကရင်ပြည်နယ် ဖားအံမြို့၊ သံလွင်မြစ် ကမ်းနားလမ်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းအတွက် BOT စနစ်ဖြင့် တင်ဒါခေါ်ရာတွင် လျှောက်လွှာဝယ်ယူသောကုမ္ပဏီ ခြောက်ခု ရှိသော်လည်း တင်ဒါအာမခံစရံငွေ (Deposit) ပေးသွင်းယှဉ်ပြိုင်သော ကုမ္ပဏီမှာ တစ်ခုသာ ရှိကြောင်း ဇွဲကပင်ခန်းမတွင် မေလ ၁၆ ရက်က ပြုလုပ်သော တင်ဒါဖွင့်ဖောက်  စီစစ်သော အခမ်းနားမှ သိရသည်။

“ယှဉ်ပြိုင်တဲ့ကုမ္ပဏီတစ်ခုတည်းရှိလို့ ဒီကုမ္ပဏီကိုပေးရမယ်ဆိုတာမျိုးမဟုတ်ပါဘူး၊ သက်ဆိုင်ရာဌာနတွေ အသီးသီးရှိပါတယ်၊ ဌာနဆိုင်ရာ အသီးသီးရဲ့မူဘောင်တွေစံချိန်စံညွှန်း တွေနဲ့ကိုက်ညီမှူရှိမရှိဆိုတာကို စစ်ဆေးသုံးသပ်မယ်၊ ပြီးရင် အစိုးရအဖွဲ့ကိုတင်ပြပြီး ဆုံးဖြတ်ချက်ရယူပါ့မယ်” ဟု ကရင်ပြည်နယအစိုးရအဖွဲ့ဝင် စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်က ပြောသည်။

ယင်း စီမံကိန်းသည် ကျပ်သိန်းပေါင်း ၉၈၀၀၀ ကျော် အကုန်ကျခံသွားမည့် စီမံကိန်းဖြစ်ပြီး တင်ဒါအာမခံ စရံငွေ တင်သွင်းသည့်  UHM ကုမ္ပဏီသည် ပြီးခဲ့သည် နှစ်များက ကရင်ပြည်နယ်လွှတ်တော်၊ မော်လမြိုင်မြို့ အိုးရှင်း ဈေးဝယ်စင်တာနှင့် ကမ်းနားလမ်း ညဈေးတို့ကို တည်ဆောက်ခဲ့သော ကုမ္ပဏီဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောစကားအရ သိရသည်။

ဘားအံကမ်းနားလမ်း သာယာလှပရေးနှင့်ဖွံ့ဖြိုးတိုးတတ်ရေး အစီအစဉ်အနေဖြင့် ရွှေယဉ်မျှော်စေတီမှ ကမ်းနားလမ်းမှ ဖားမဲ့တောင်ခြေ  ဧရီယာအတွင်း  ညဈေးတန်း၊ လူငယ်များတွက် ဖူဆယ် ဘောလုံးကွင်း တစ်ကွင်း၊ ဘော်လီဘောကွင်း ၁ ကွင်း၊ အပန်းဖြေနေရာ၊ ဟိုတယ်တစ်ခု နှင့် ကားပါကင်စသော အရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်းအား တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီမှ ကုန်ကျစရိတ်အားလုံးကိုကျခံသုံးစွဲရမည်ဖြစ်ပြီး၊ မိမိတို့ ဆောင်ရွက်မည့် လုပ်ငန်းအသေးစိတ်နှင့် ရရှိလိုသည့်အခွင့်အလမ်းကို တင်ဒါကော်မတီထံသို့တင်ပြ၍ ယင်းမှ တဆင့် စီမံကိန်းနှင့် ဆက်ဆိုင်သော ဌာနများမှ မြေပြင်နှင့် မြစ်ကြောင်းများ အခြေအနေကို လေ့လာ ဆန်းစစ်မှု့ များ ပြုလုပ်ကာ ပြည်နယ်အစိုးရထံတင်ပြ အစီရင်ခံပြီး ပြည်နယ်အစိုးရမှ စီစစ်ရွှေးချယ်ဆုံးဖြတ် အကောင်ထည် ဖော်မည်ဖြစ်ကြောင်း စီမံကိန်း လေလံတင်ဒါ ခေါ်ယူမှုစီစစ်ရေးကော်မတီမှ တာဝန်ရှိသူပြောစကားအရ သိရသည်။

Written by ရာဟု(ဖားအံ)

Leave a Reply