နိုဝင်ဘာ ၁၄ ၊ ၂၀၁၇။

ကရင်ပြည်နယ် အတွင်းရှိ မူးယစ်ဆေးစွဲ သူများအား ပြည်လည် ပြုစု ပြိုးထောင် နိုင်ရန် အတွက် ပြန်လည် ထူထောင်ရေး စခန်း တစ်ခု ဖွင့်လှစ် နိုင်ရေး အတွက် ပြည်ထောင်စု အစိုးရ ထံသို့ ဘတ်ဂျက် တင်ပြ တောင်းခံ ထားကြောင်း ကရင် ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးဇော်မင်း ထံမှ သိရှိရသည်။

“ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်မှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲ သူတွေ အတွက် ပြန်လည် ထူထောင်ရေး စခန်း (ဘားအံ) ကို ဖွင့်လှစ် နိုင်ဖို့ အတွက် ပြည်နယ် အစိုးရကနေ တဆင့် ပြည်ထောင်စု ဘတ်ဂျက် တင်ပြ တောင်ခံ ထားပြီးဖြစ်ပါတယ်။ အဲဒီ စခန်းကနေ မူးယစ် ဆေးစွဲသူ တွေကို ကျန်းမာရေး ဝန်ထမ်း တွေနဲ့ ပူပေါင်းပြီး စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာ ပြုပြင်ဖို့၊ အသက်မွေးဝမ်းကျောင်း ပညာရပ်နဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လျာထား ပါတယ် “ဟု ၎င်းက လူငယ်ထု အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ကာကွယ်ရေး နည်းပြ သင်တန်း ဖွင့်ပွဲ အခမ်း အနားတွင် ပြောကြား ခဲ့သည်။

လူငယ်ထု အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ကာကွယ်ရေး နည်းပြ သင်တန်းအား ဘားအံမြို့ သံလွင်ပါရာဒိုက်(စ်) ဟိုတယ်၌ နိုဝင်ဘာ ၁၄ ရက်နေ့က ပြုလုပ် ခဲ့ပြီး ပြည်နယ်အတွင်းရှိ လူမူရေး အဖွ့ဲအစည်းများမှ ရပ်ရွာ အခြေပြု လူငယ် (၃၅) ဦးတို့ တက်ရောက် ခဲ့ကြသည်။

လူငယ်ထုများ အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း မြင့်တက် နေသည့် ကရင်ပြည်နယ်တွင် မိဘ များမှ သားသမီး များအား ဆေးဖြတ် ပေးလို သော်လည်း ဖမ်းဆီး အရေးယူ မည်ကို ကြောက်ရွံ၍ နီးစပ်ရာ ဆေးမှူး များဖြင့် ကြိတ်၍ လုပ်ဆောင် နေကြောင်း သာမည ကျေးရွာမှ စောမောင်သိန်းက ပြောသည်။

“အရင်က မရှိဖူး ဘူးလေ။ အခုက ကိုယ့်သားသမီးကို ကိုယ်တိုင် ပို့လို့ရပြီ ။အရင်ကဆို စိုးရိမ် မှုတွေ ရှိနေတယ်။ ဖမ်းမလား၊ စစ်မလား၊ အရေးယူ မလား၊ မသိဘူး၊ နားမလည် ကြဘူး၊ ကြောက်ကြတယ် ။ နီးစပ်ရာ ရွာက ဆေးဆရာတွေ ဆေးမှုး တွေနဲ့ ကြိတ်ကု ကြရတာ။ အခုလို ပြန်လည် ထူထောင်ရေးတွေ အသက်မွေး အလုပ်တွေပါ သင်ပေးမယ် ဆိုတော့ အဲဒိကိစ္စ မြန်မြန် ဖြစ်စေ ချင်တယ်” ဟု သာမည ကျေးရွာ မှ စောသိန်းမောင် က ပြောဆိုသည်။

အဆိုပါ ဆေးဖြတ်စခန်း ဖွင့်လှစ် ပေးခြင်း အားဖြင့်လည်း မူးယစ်ဆေးစွဲ သူများအား လူ့ပတ်ဝန်းကျင်ကြား ပြန်လည်ဝင်ဆံ့ လာနိုင် စေရန်နှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်း များကို ပြန်လည် လုပ်ကိုင် လာနိုင်စေရန် မျှော်လင့် ထားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူ များက ပြောကြားသည်။

ကရင်ပြည်နယ် အတွင်းရှိ မူးယစ်ဆေးစွဲ သူများ ဆေးဖြတ်ခြင်းနှင့် ရုပ်ပိုင်း / စိတ်ပိုင်း ပြန်လည် ပျိုးထောင် ပေးခြင်း လုပ်ငန်း များကို စေတနာ့ ဝန်ထမ်း မူးယစ် ကြီးကြပ်ရေး အသင်းတို့က တတပ်တအား အကောင်အထည် ဖော်ပေး နေပြီး မူးယစ်ဆေးစွဲ ကာကွယ်ရေး လုပ်ငန်းကို လူငယ်ထု များသို့ ဦးတည်၍ လည်းကောင်း၊ မိဘ အုပ်ထိန်းသူ၊ မိသားစု များထံသို့ ချဉ်းကပ် လုပ်ဆောင် နေကြောင်း မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း တာဝန်ရှိသူ များထံမှ သိရှိ ရသည်။

ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်သူ့ ဆေးရုံ၊ မူးယစ်ဆေးစွဲနှင့် စိတ်ရောဂါအထူးကု ဌာနသို့လည်း ပျှမ်းမျှ တလလျှင် မူးယစ်ဆေးစွဲသူ (၃၀) ဦးခန့် လာရောက်၍ ကုသမှု ခံယူ နေကြကြောင်း ပြည်နယ် ကျန်မာရေး ဌာနမှ သိရသည်။

Written by – ရာဟု (ဘားအံ)

Leave a Reply