Advertisements

ဘားအံ ၊ ဖေဖော်ဝါရီ

ဘားအံမြို့ဦးစေတီဖြစ်သော ရွှေယဉ်မျှော်စေတီ ဂေါပက အဖွဲ့သစ်ကို ရွေးချယ်ရာတွင် အငြင်းပွားကန့်ကွက်မှုများ ရှိခဲ့သည့်အတွက် ယခင်ဂေါပက အဖွဲ့ဟောင်းအတိုင်းပင်ထားရှိ တော့မည်ဟုလေသာကျောင်းတိုက်ဆရာတော် ဦးဉာဏိဿရက မိန့်ဆိုခဲ့ရာ ပြည်နယ်အစိုးရနှင့် သာသနာရေးဝန်ကြီးတို့ ဦးဆောင်ကာ အသစ်ပြန်လည်ရွေးချယ်ပေးစေလိုကြောင်း ဂေါပကရွေးချယ်ပွဲသို့ တက်ရောက်ခဲ့သူ ဘားအံမြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးအောင်ဆန်းလင်းကပြောဆိုလိုက်သည်။

“သူတို့ဘာသာ သူတို့လူစာရင်းတွေ လုပ်ထားပြီးတော့ အဲဒါကိုဖတ်ပြတယ်။ သူ့လူသူခေါ်ပြီးတော့စည်း ဝါးရိုက်လုပ်ထားတာကို ဂေါပကအဖွဲ့အသစ်ရွေးချယ်တယ်လို့ ခေါ်လို့ရမလား။ မြို့ခံတွေ၊ တာဝန်ရှိသူတွေ၊ ဘယ်သူ့ကိုမှ မဖိတ်ဘဲနဲ့ ဘုရားဈေးဆိုင်ခန်းက လူတွေနဲ့ သူတို့နဲ့ ၊ ဆိုင်ရာလူတချို့ကို ခေါ်ပြီးတော့ အတည်ဖြစ်အောင်လုပ်တာလို့ပဲ ကျွန်တော်မြင်တယ်။ ဂေါပက ရွေးတယ်ဆိုရင်တစ်မြို့နယ်လုံးဖိတ်ပြီး အစိုးအဖွဲ့ကသော်လည်းကောင်း၊ သာသနာရေးဌာနကသော်လည်းကောင်း လာကြီးကြပ်ပြီး ဖွဲ့စည်းပေးတာကမှ မှန်ကန်သော ဂေါပက အဖွဲ့ဖြစ်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့်အစိုးရအဖွဲ့ကနေ ရွှေယဉ်မျှော်စေတီတော်ကြီး တိုးတက်တည်တံ့အောင် လုပ်မယ့်သူတွေကို ရွေးချယ်ပြီး အသစ်ပြန်လည် ဖွဲ့စည်းပေးစေချင်ပါတယ်” ဟုဦးအောင်ဆန်းလင်းကဆိုသည်။

အဆိုပါဂေါပကအဖွဲ့ဝင် အသစ်ပြန်လည်ရွေးချယ်ပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်ကကျင်းပရာ လေသာကျောင်းဆရာတော် ဦးဉာဏိဿရ၊ သဇင်မြိုင်ကျောင်းဆရာတော် ဦးဣဿရိယတို့ ကမကထပြု၍ တကာ၊ တကာမအချို့နှင့် ဘုရားဈေးဆိုင်ခန်း နေထိုင်သူ ၃၀ကျော်ခန့်တက်ရောက်ခဲ့ကြောင်း၊ လေသာကျောင်းဆရာတော် စီစဉ်ထားသည့် ဂေါပကသစ် လူစာရင်းဖတ်ပြအပြီး တက်ရောက်လာသော မြို့ခံအချို့က  ဂေါပက အတွင်းရေးမှူး နေရာတွင် ဦးတင်လှိုင် အား ဆက်လက်ပါဝင်ခန့်ထားခြင်းအပေါ် ကန့်ကွက်သည့်အတွက် အချေအတင်စကားများခဲ့ကြကြောင်း၊ လေသာကျောင်းဆရာတော်အနေဖြင့် ဂေါပကအသစ်ဖွဲ့စည်းခြင်းကို ပယ်ဖျက်ပြီး ယခင်လူဟောင်းများအတိုင်းသာ ထားရှိဆောင်ရွက်စေမည်ဟု ပြောဆိုကာ ရွေးချယ်ပွဲကို ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ် စည်ပင်ဌာန၊ ဒုတိယအင်ဂျင်နီယာမှူး ဦးစိုးလွင်က ရွှေယဉ်မျှော်ဘုရားဝင်းအတွင်း ဆိုင်ခန်းများ ဆောက်လုပ်ထားမှုနှင့်ပတ်သက်၍ “ဘာသာရေးဆိုင်ရာ နေရာတွေအတွင်းမှာ အဆောက်အအုံတွေ၊ ဆိုင်ခန်းတွေ ပြင်ဆင်တာအသစ်ဆောက်တာတွေက သာသနာရေးဌာနရဲ့သဘောထားမှတ်ချက်၊ သက်ဆိုင်ရာနယ်မြေ၊ မြို့ရွာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့သဘောထား ထောက်ခံကြောင်းမှတ်ချက်၊ ပြည်နယ်အစိုးရရဲ့သဘောထားမှတ်ချက်တွေကို စည်ပင်ဌာနက အမှုတွဲတည်ဆောက်ပြီး ကက်ဘိနက် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချပေးတော့မှ၊ စည်ပင်ကခွင့်ပြုမိန့်ထုတ်ပေးမှ အသစ်ဆောက်လုပ်တာ၊ ပြင်ဆင်တာတွေ လုပ်လို့ ရတာပါ။ အခုအဲဒီ ဘုရားဝန်းကျင်က ဈေးဆိုင်တွေနဲ့လေသာကျောင်းဘေးမှာဆိုင်ခန်းတွေဆောက်နေတာကို စည်ပင်ဌာနကိုတင်ပြတာ၊ ဌာနကလည်း ခွင့်ပြုတာမျိုးတွေ မရှိထားပါဘူး“ ဟုပြောဆိုသည်။

အဆိုပါဂေါပကအဖွဲ့ အလုပ်အမှုဆောင်၊ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ကရွှေယဉ်မျှော်ဘုရားနှင့်ပတ်သက်၍ မည်သည့်ကိစ္စကိုမဆို ထင်ယောင်ထင်မှားဖြင့် မယိုးစွပ်ဘဲအထောက်အထားအချက်များဖြင့် မေးမြန်းလာပါက မိမိမှ အထောက်အထား စာရင်းဇယားများဖြင့် ရှင်းလင်းနိုင်ပါကြောင်း၊ ပွင့်လင်းမြင်သာမှုဆိုသည်ကို နိုင်ငံရေးစကားရပ်တွင်သာ သုံးစေလိုကြောင်း၊ ဘာသာရေးဆိုင်ရာတွင်သုံးနှုန်းပြောဆိုစရာမလိုကြောင်း ၎င်းင်းအား ကန့်ကွက်နေသူများအပေါ် ဂေါပကရွေးချယ်ပွဲတွင်ပြန်လည်ချေပပြောဆိုခဲ့သည်။

လက်ရှိ ဂေါပကအဖွဲ့မှာ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိနေပြီး ဘုရားဝန်းကျင်တွင် သဲ၊ ကျောက်လုပ်ငန်းများလုပ်ဆောင်နေခြင်း၊ အသစ်တိုးချဲ့သော ဆိုင်ခန်းများတွင် မိသားစုနေထိုင်စရာ အိမ်ခန်းများအဖြစ် ဘုရားဝတ္တကမြေတွင် နေထိုင်နေကြခြင်း၊ တရားမဝင်စားသောက်ကုန်ဘီယာ၊ အချိုရည်များကို ဂိုထောင်သဖွယ် ထားရှိစေခြင်း၊ အလှူငွေ စာရင်းရှင်းတမ်းများ ရှင်းလင်းချပြမှုမရှိခြင်းစသဖြင့်သတင်းများထွက်ပေါ်နေသည်။

အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ သာသနာရေးဌာနနှင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ဂေါပကအဖွဲ့အသစ်ကို ပြည်နယ်နှင့်မြို့နယ်အစိုးရတာဝန်ရှိသူများအနေဖြင့် မြို့ခံအများပြည်သူရှေ့မှောက်တွင်စိစစ်လုပ်ဆောင်ပေးစေလိုကြောင်းဆန္ဒပြုလက်မှတ်များကောက်ခံကာ နိုင်ငံတော်/ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဆင့် တာဝန်ရှိသူများထံ တင်ပြတောင်းဆိုသွားမည်ဟု ဘုရားဝေယျာဝစ္စတွင် ပါဝင်လှူဒါန်းထားကြသော မြို့ခံများထံမှ သိရသည်။

Written by – ရာဟု (ဖားအံ)

Advertisements
<

Leave a Reply