Advertisements

ဘားအံ ၊ မေ ၈

ဘားအံမြို့အနီးရှိ ဣစ္ဆာသယ သဘာဝထုံးကျောက် လိုဏ်ဂူသစ်သို့ အများပြည်သူ အဆင်ပြေစွာ သွားလာလည်ပတ်နိုင်ရန် လမ်းနှင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန် မွမ်းမံရေးကိစ္စအတွက် ကရင်ပြည်နယ် သာသနာရေး ဝန်ကြီးဦးမင်းတင်ဝင်းနှင့်အဖွဲ့တို့ မေလ ၂ရက်နေ့က သွားရောက်လေ့လာခဲ့သည်။

“အခုကတော့ အဲဒီဂူနေရာကို သွားကြည့်တယ်။ အစိုးရအဖွဲ့တွေရယ် ၊ နောက် ကျေးလက်ဦးစီးရယ်၊ သာသနာရေးရယ်ပေါ့။ ကျေးလက်ဦးစီးကိုတော့ ဂူအဝင်လမ်းခင်းပေးဖို့ လမ်းကုန်ကျစရိတ်နဲ့ အတိုင်းအတာတွေ တွက်ချက်ခိုင်းထားတယ်။ ဘားအံမြို့ မှာ အထင်ကရနေရာတစ်ခု ထပ်တိုးပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာတာနဲ့အမျှ ဒေသက လူတွေလည်းအဆင်ပြေလာဖို့၊ လုပ်ဆောင်ပေးဖို့ ကနဦး အနေအထားတွေကို သွားကြည့်တာပါ” ဟု ပြည်နယ်ဝန်ကြီး ကဆိုသည်။

ဂူအတွင်းပိုင်းမှာ အလျား ၃ ဖာလုံခန့်ရှည်လျားကာ နှစ်ဖက်ပေါက်ရေဝင်ဂူအမျိုးအစားဖြစ်သည်။ မိုးတွင်း၌ ဂူအတွင်းသို့ တောင်ကျရေများ ဖြတ်သန်းစီးဝင်သော သဲချောင်းငယ် တစ်ခုရှိနေသည်။ လေဝင်လေထွက်မှာလည်း ကောင်းမွန်သည့်အပြင် ကျောက်စက်ပန်းဆွဲ ၊ကျောက်စက် မိုးမျှော်များ၊ တောင်ကျရေတိုက်စားထားသော ကျောက်သားနံရံကြီးများ၊ ရေတံခွန်ငယ်များ၊ ရေစီးကြောင်းများ သဘာဝအလျောက် တည်ရှိနေသည်။

ကျောက်ဂူအား စတင်ဖော်ထုတ်သူ ဆရာတော် ဦးဆန္ဒာဓိကက “အရင်က တိုက်ပွဲနေရာတွေဆိုတော့ မသွားရဲ မလာရဲကြဘူး။ ဒီဂူက ဦးဇင်းအနေနဲ့ တရားအားထုတ်ဖို့ ဒီတောင်ခြေကို ရောက်လာရင်းနဲ့ ဒီဂူကို တွေ့ရှိသိရှိခဲ့တာ ။ ဘုန်းကြီးက ရွာသား တစ်ယောက်နဲ့ အထဲကို ဝင်ကြည့်တာကနေ အထဲက ဂူ အနေအထားကို တွေ့သိခဲ့ရတယ်။ ဘုန်းကြီး ဦးဆောင်ပြီး လွန်ခဲ့သော ၄ လလောက်ကစတင်ပြီးတော့ ဂူအတွင်းပိုင်းကို မီးတွေတပ်ဆင် တယ်၊ အခုဂူကိုလာတဲ့ လမ်းထိပ်မှာမုခ်ဦးကြီး တည်နေတယ်။ ပြီး အများပြည်သူအတွက် လေ့လာလည်ပတ်ဖို့ စလုပ်နေတာပါ” ဟု မိန့်ဆိုသည်။

ဣစ္ဆာသယလှိုဏ်ဂူနေရာမှာ ဘားအံမြို့တွင်းမှ ၃မိုင် ခန့် အကွာ၊ ဘားအံ – လှိုင်းဘွဲ ကားလမ်း ဘေးတွင် တည်ရှိပြီး ယာဉ်ကြီး၊ ယာဉ်ငယ်မရွေး သွားရောက်နိုင်သည်။ လမ်းမပေါ်ရှိအဝင် မုခ်ဦးနေရာမှ ၂ ဖာလုံခန့် တောလမ်းအတိုင်း ဝင်ရောက်ပါက လှိုဏ်ဂူသို့ ရောက်ရှိသည်။

ယခုအခါ လာရောက်လေ့လာသူဦးရေမှာ ပျမ်းမျှ နေ့စဉ် ၁၀၀ ခန့်၊ ရုံးပိတ်ရက်များတွင် ၃၀၀ခန့် လာရောက် လေ့လာ နေကြသည်။ လမ်းပြများက မီးဆလိုက်များ အသုံးပြုကာ ဂူအတွင်းသို့ လူစုအလိုက် လိုက်လံပြသ ပေးလျက်ရှိပြီး လာရောက်သူများအား ဆရာတော်က စတုဒီသာ သားသတ်လွတ် သီးစုံ ထမင်းဟင်းများဖြင့် နေ့စဉ် ကျွေးမွေးဧည့်ခံသည်။
Written by ရာဟု(ဖားအံ)

Advertisements
<

Leave a Reply