Advertisements

ဘားအံ ၊ ဧပြီ

ဘားအံမြို့၊ မြို့မ ဘောလုံးကွင်း ပြန်လည်စွန့်လွှတ်ခြင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရက ဆောင်ရွက်နေသည်များကို ရှင်းလင်းချပြမှုမရှိသည့်အတွက် သံဃာတော်များနှင့် မြို့မိမြို့ဖများအနေဖြင့် သမိုင်းဝင် ဘောလုံးကွင်းပြန်လည်ရရှိရေးကော်မတီနှင့် လူထုတွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ဆွေးနွေးရန် စီစဉ်လျက်ရှိသည်။

“ဒီသမိုင်းဝင် ဘောလုံးကွင်းမြေနေရာကိစ္စက ဟိုးအရင်ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက အဖြေပေါ်နေပြီးသား။ ဂရန်စည်းကမ်းနဲ့ မညီဘဲ လက်လွှဲရောင်းချတာ၊ ပိုင်ရှင် နာမည်ပြောင်းထုတ်ပေးတာ၊ မြေခွန်ပေးဆောင်တာတွေပျက်ကွက်တာတွေ ပေါ်လွင်နေပြီးသားပါ။ ဒီဘက် ဒီမိုကရေစီအစိုးရခေတ် ၂နှစ်သက်တမ်းတောင် ကျော်နေပြီ။ ဒီကိစ္စကို ဘယ်လိုဆောင်ရွက်နေသလဲဆိုတာ မြို့လူထုကို ချပြရှင်းလင်းတာတွေကို ကျွန်တော်တို့တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်၊ ဝန်ကြီးတွေ ဘယ်သူမှ မပြောပြကြဘူး။ အခုတော့ ဆရာတော်ကြီးတွေနဲ့ ကော်မတီအဖွဲ့တွေနဲ့ ဘယ်လိုရှေ့ဆက်လုပ်ကြရင် ကောင်းမလဲဆိုတာ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ ဆွေးနွေးပွဲလုပ်ဖို့ စီစဉ်နေပါတယ်”ဟု ဖော်ပြပါကော်မတီဝင် ဦးမြင့်ဆွေက ပြောသည်။

Advertisements
data-language="en"

ယင်းမြေနေရာ၂.၅၅၆ဧကကို DKBA အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်းရန်ပုံငွေအဖြစ် ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၂၃ရက်မှ ၂၀၉၀ အထိ နှစ်၉၀ လုပ်ပိုင်ခွင့်ပေးခဲ့ရာမှ အဆင့်ဆင့်လွှဲပြောင်းရောင်းချခြင်း၊ ဂရန်စည်းကမ်းနှင့်ညီညွတ်မှုမရှိခြင်း၊မြေခွန်ပေးသွင်းမှုမရှိခြင်းတို့ကြောင့် အများပြည်သူပိုင်မြေကို ပြန်လည် စွန့်လွှတ်ပေးရန် ယခင်အစိုးရလက်ထက်မှသည် ယခုအစိုးရလက်ထက်အထိ တင်ပြတောင်းဆိုထားသည်ဟုသိရသည်။ သို့သော်လည်း ကိုယ်စားလှယ်များ၊ ဝန်ကြီးများက ပြည်သူများထံ ပြန်လည်အကြောင်းပြန် ဖြေရှင်းခြင်းမျိုး ယနေ့တိုင် မရှိသေးသည့်အတွက် ယင်းသို့ စီစဉ်နေခြင်းဖြစ်သည်။

“ပြည်နယ်အစိုးရသစ်လက်ထက်မှာ ဒီဘောလုံးကွင်းနဲ့ပတ်သက်လို့ ပြန်လည် စွန့်လွှတ်ပေးပြီး ပြည်သူ့လက်ဝယ် ပြန်လည်လွှဲအပ်မယ်လို့တော့ ကြားနေတယ်။ အခု သက်တမ်း၂ နှစ်တောင် ရှိလာပြီ။ ဘာမှ အစိုးရဘက်က မထူးခြားလာသေးဘူး။ ခြံဝင်းကြီးက ဒီအတိုင်းပဲ ရှိနေသေးတယ်။ ဆောက်လက်စ အဆောက်အဦကြီးကလည်း ခြုံနွယ်တွေ ဖုံးနေပြီ။ မြို့လူထုတွေကြားမှာ ဒီကိစ္စကိုတောင် လုပ်မပေးနိုင်တဲ့ အစိုးရဆိုပြီး ဝေဖန်နေကြတာ ကြားရတော့ စိတ်မကောင်းဘူး” ဟု ဘားအံမြို့ခံ စောသောင်းထွန်းက ဆိုသည်။

အဆိုပါ ဘောလုံးကွင်းနေရာမှာ ဘားအံမြို့ မြို့ပြအမွေအနှစ် သမိုင်းဝင်နေရာဖြစ်ပြီး လွတ်လပ်ရေးမတိုင်မီက ဖက်ဆစ်ဂျပန်ကို တော်လှန်ရန် စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့ရာနေရာဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ကရင်ပြည်နယ် သတ်မှတ်ပြီး ကရင်ပြည်နယ်နေ့ အခမ်းအနား စတင်ကျင်းပခဲ့ရာ အထင်ကရနေရာလည်း ဖြစ်သည်။ အဆိုပါ မြို့မဘောလုံးကွင်း(အာဇာနည်ကျောက်တိုင်ကွင်း)မြေနေရာကို ပြန်လည်ရရှိရန် မြို့မိမြို့ဖများနှင့် ဆရာတော် သံဃာတော်ကြီးများက လိုလားနေကြသည်။

Written by ရာဟု(ဖားအံ)

Leave a Reply