Advertisements

ဘားအံ၊ အောက်တိုဘာ ၁၀ ရက်။

ကရင်ပြည်နယ်၊ ဘားအံမှ မွန်ပြည်နယ်၊ သထုံသွားလမ်းမပေါ် သံလွင်တံတားအသုံးပြုခ ကောက်ခံရေးဂိတ် အနီးတွင် နိုင်လွန်ကတ္တရာခင်းစဉ် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရေး လမ်းရှင်းလင်းခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းပေးနေကြောင်း ဘားအံမြို့အမှတ်(၁၀)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သိရှိရသည်။

“ကျွန်တော်တို့ ယာဉ်အန္တရာယ်ကင်းရှင်းဖို့နဲ့ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးအတွက် သံလွင်တံတား၊ တရုတ် ဖက်ခြမ်းနဲ့ သံလွင်အနောက်ဘက်၊ ဘားကပ်ဘက်ခြမ်းကို တစ်လှည့်ဆီလွှတ်ပေးရတယ်။ တစ်ဖက်က လွှတ်နေတဲ့ အချိန်မှာ သွားလို့မရဘူး။

တစ်ဖက်ခြမ်းမှာ လမ်းပိတ်သွားမှာမို့ မသွားဖို့မေတ္တာရပ်ခံရာမှာ နားလည်မှု လွဲတာလေးတွေတော့ရှိပါတယ်။”ဟု လမ်းရှင်းလင်းပေးနေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

ရောင်ခြည်သစ်ကုမ္ပဏီက နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို အောက်တိုဘာ ၈ ရက်မှ စတင် ပြုလုပ်ပေးနေ ခြင်းဖြစ်ပြီး ဘားအံ-သထုံကားလမ်းမှာ ကရင်ပြည်နယ်၏ အဓိကယာဉ်သွားလာမှုအများဆုံး လမ်းတစ်လမ်းဖြစ် ကြောင်း သိရသည်။

“ကျွန်တော်တို့ ခရီးသည်ပို့ဆောင်ရေးယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်အချို့ကတော့ အခြားနေရာကို ခရီး ဆက်ဖို့လည်း ရှိတယ်။ ဖြစ်နိုင်မယ်ဆိုရင် ယာဉ်သွားလာမှုနည်းတဲ့ ညလိုအချိန်မှာ လုပ်စေချင်ပါတယ်။”ဟု ခရီးသည် တင်ယာဉ်မောင်း ကိုကိုထက်က ပြောသည်။

လမ်းရှင်းလင်းခြင်းလုပ်ငန်းကို သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တံတားလုံခြုံရေးအဖွဲ့နှင့် ဘားကပ်ရဲကင်း စခန်းမှ တပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရှင်းလင်းပေးနေကြောင်း သိရသည်။

Advertisements
<

Leave a Reply