Advertisements

ချောင်းဆုံ အောက်တိုဘာ

ဘီလူးကျွန်းကျေးရွာလယ်ကွင်းအချို့ရှိ မိုးစပါးစိုက်ခင်းများ အောက်တိုဘာ ဒုတိယပတ်တွင် စပါးဖျက်ပိုးကျရောက်ဖျက်ဆီးမှုရှိလာကြောင်း နယ်မြေခံလယ်သမားများထံက သိရသည်။

ကော့မုပွန်၊ ဒေါင်းရပ်အရှေ့၊ ကညှော်စသည့် ကျေးရွာများရှိ လယ်ကွင်းအတော်များများတွင် ဖျက်ပိုးကျရောက်မှု သိသိသာသာ ပိုမိုလာကြောင်း ၎င်းတို့ကပြောသည်။

ကော့မုပွန်ကျေးရွာပိုင်လယ်ကွင်းမှ လယ်သမားဦးသစ်ကျော်က “စပါးခင်းတွေမှာပိုးတွေကျလို့ပျက်စီးမှုတွေရှိလာတယ် ပိုးကျတဲ့အကွက်တွေမှာစပါးပင်တွေနီရဲလာ ပြီးတဖြေး ဖြေး နဲ့ ခြောက်သွားတယ် စပါးပင်တွေလည်းပျော့ခွေနေတယ် ပိုးကျများတဲ့အကွက်တွေဆိုရင်စပါးရဖို့မလွယ် တော့ ဘူးဟု” ပြောသည်။

ဒေါင်းရပ်အရှေ့ကျေးရွာလယ်ကွင်းမှလယ်သမားဦးသိန်းကလည်း ကျဲခင်း စနစ်ဖြင့်စိုက်ပျိုးထားသည့်မိုးစပါးစိုက်ခင်းအများစုတွင်အဆိုပါစပါးဖျက်ပိုးများကျရောက်နေကြောင်းစပါးပင်များမှာလည်း မှို့ကပ်ချိန်အပွင့်လှမ်းချိန်အနေအထားမျိုးသို့ရောက်နေ၍လေလွင့်ပျက်စီးမှုများရှိနိုင်ကြောင်းပြော သည်။

ကညှော်ကျေးရွာနေသူ လယ်သမား ဦးနိုင်ဝင်းက လည်း“စပါးခင်းထဲမှာဟိုတစ်ကွက် ဒီတစ်ကွက်နီနေတာကိုတွေ့လိုက်တော့မသင်္ကာလို့လယ်ကွက်ထဲကိုဆင်းကြည့် တာပိုးကျနေမှန်းသိတော့တယ်သိသိခြင်းပဲ အပျက်အစီးနည်းအောင် ပိုတက်နဲ့ ပုလဲဓာတ်မြေသြကိုရောပြီး ကျဲပက်လိုက်တာတစ်ရက်နှစ်ရက်အတွင်းမှာပိုးတွေလည်းပျောက်သွားတယ် စပါးပင်လည်းပြန်ပြီးအားကောင်း လာတယ်”ဟု ပြောသည်။

စပါးခင်းပိုးကျပါကဖြူရာတန် ဖိုက်ဒီနှင့်ပိုတက်တို့ကိုအချိုးကျကျဲပက်ခြင်းဖြင့်စပါးခင်းတွင်ပိုးကျပျက်စီးမှုဒဏ်များကိုနှိမ်နင်းနိုင်ကြောင်း ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းနိုင်ကအကြံပြုသည်။

လယ်သမားများအနေဖြင့်မိမိစပါးခင်းများကိုအမြဲမပြတ်သတိပြုကြရန်တိုက်တွန်းလိုကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply