ဘီလူးကျွန်းတွင် ကျွန်းပတ်လမ်းများကို ရေမြောင်းအပါအဝင် ၃၆ ပေပြည့်မီအောင်တိုးချဲ့သွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာန မှသိရသည်။

logo-copy

လက်ရှိတွင်ဘိုးနက်ကျေးရွာမှ ဒေါင်းဥကျေးရွာထိမြေသားဖို့ခြင်း၊ ရေမြောင်းဖောက်လုပ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း ချောင်းဆုံမြို့နယ်ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာနမှအင်ဂျင်နီယာမှူး ဦးအောင်စိုးကြိုင်ကဆိုသည်။

“မော်လမြိုင်-ချောင်းဆုံသံလွင်မြစ်ကူးတံတားပြီးရင် ဒေသကလမ်းတွေကျဉ်းနေလို့တော့မဖြစ်ဘူး၊ ယာဉ်ကြီးယာဉ်ငယ်တွေ သွားလာမှုများလာမယ်၊ အခုလည်းဒေသကယာဉ်တွေနဲ့ လမ်းတွေပြည့်နေပြီး ပြဿနာနည်းပြီးရှင်းရလွယ်တဲ့အလုပ်တွေအရင်လုပ်သွားမယ်”ဟုဦးအောင်စိုးကြိုင်ကပြောသည်။

ယခင်အပတ်တွင်လမ်းချဲ့ထွင်ရန် ကညှော်ကျေးရွာအုပ်စုပိုင်းကတောင်စိန်ကျေးရွာမုန်လာဥတံတားမှ ဒေါင်းဥလမ်းဆုံအထိ ၃၆ ပေပြည့်မီစေရန် တိုင်းတာမှုပြုလုပ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

“လမ်းတိုင်းတာလွတ်တဲ့နေရာလည်းရှိတယ်၊လမ်းတစ်ဖက်တစ်ချက် အချို့နှစ်ပေသုံးပေထိတယ် အချို့ကလေးပေငါးပေထိတဲ့လူတွေလည်းရှိတယ်”ဟုကတောင်စိန်ကျေးရွာမှ ဦးပွကပြောသည်။

လမ်းချဲ့ထွင်ရာတွင်ပါဝင်သွားသောမြေပိုင်ရှင်များအား ကျေးရွာတာဝန်ရှိသူများမှတစ်ဆင့်လက်မှတ်ရေးထိုးခိုင်းကြောင်း၊ အချို့မှာရော်ဘာပင်များထိခိုက်နစ်နာမှုအတွက်ထောက်ပံ့ငွေများရရှိလို၍လက်မှတ်မရေးထိုးသူများလည်းရှိကြောင်း၎င်းကဆိုသည်။

ဒေသနှင့်သဟဇာတဖြစ်သောလမ်းများကိုသာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လမ်းနယ်သတ်မှတ်ချက်ပေ ၁၀ဝ အတွင်းအဆောက်အဦသစ်များဆောက်လုပ်ခြင်းကိုတားမြစ်သွားမည်ဖြစ်ကြောင်း၊ လမ်းတိုးချဲ့ဖောက်လုပ်ခြင်းကိုဒေသခံများနှင့်ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာနမှ သိရသည်။

Leave a Reply