Photo was proudly shared via internet.Thank you to honor the original image.

မော်လမြိုင် မတ်

ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာ မြောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူး၍ ကျင်းပပြုလုပ်မည့် စာပေဟောပြောပွဲကို မြို့နယ်သံဃာ့နာယကအဖွဲ့က မတ် ၂၈ ရက်တွင် ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သိရသည်။

ထိုသို့ကန့်ကွက်ရခြင်းမှာ အဆိုပါဟောပြောပွဲတွင် စာရေးဆရာထင်လင်းဦး ပါဝင်သည့်အတွက်ကြောင့်ဖြစ်သည်။ ဗုဒ္ဓဘာသာအပေါ် ရိုင်းပြစော်ကားမှုဖြင့် ထောင်ကျခဲ့သော စာရေးဆရာ ထင်လင်းဦးအား ဘီလူးကျွန်းသံဃာထုမှ လုံးဝလက်ခံမည်မဟုတ်ကြောင်း ကန့်ကွက်စာတွင် ဖော်ပြထားသည်။

“ချောင်းဆုံမြို့နယ်မှာနေတဲ့ ပြည်သူတွေအနေနဲ့ စာပေပညာနဲ့ ဗဟုသုတ တိုးပွားစေပြီး လူငယ်တွေအတွက် အသိပညာ ဗဟုသုတ တိုးပွားစေဖို့ ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်” ဟု ဟောပြောပွဲလုပ်ဆောင်ရခြင်းနှင့်ပတ်သက်၍ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ရှင်းပြသည်။

အဆိုပါ စာပေဟောပြောပွဲကို မတ် ၂၉ ရက် ည ၇ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ပထမနေ့တွင် စာရေးဆရာ ဦးဘုန်း (ဓာတု) နှင့် မာန် (တောင်လုံးပြန်) တို့က လည်းကောင်း ၊ဒုတိယနေ့ မတ် ၃၀ တွင် စာရေးဆရာ ဦးထင်လင်းဦး (Wisdonm Villa) နှင့် စာရေးဆရာမ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ကလည်းကောင်း ဟောပြောသွားမည်ဖြစ်ကြောင်းကြေညာထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်ရှိ ကမာကေးကျေးရွာတွင်ပြုလုပ်သည့် စာပေဟောပြောပွဲတွင်လည်း စာရေးဆရာ ထင်လင်းဦးပါဝင်သည့်အတွက် ကန့်ကွက်ခံခဲ့ရပြီး ၎င်းအစား ဆရာအော်ပီကျယ် နှင့်အစားထိုးခဲ့ရကြောင်းသိရသည်။

ခေတ်မင်း

Leave a Reply