ဓာတ်ပုံ - မင်းချစ်ကို

ချောင်းဆုံ အောက်တိုဘာ ၂၁

နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) အနေဖြင့် ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ်တွင် စိုက်ထူထားသော ဆိုင်းဘုတ်များကို ပြန်လည်ဖြုတ်သိမ်းနေပြီဖြစ်ကြောင်း ယင်းပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သူ ဦးအောင်သွင်က ဟင်္သာမီဒီယာကို အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။

“ကျေးရွာဆိုင်းဘုတ်က ၄၅ ခု ရှိပါတယ်” ဟု မြို့နယ်အတွင်း စိုက်ထူလျက် အများပြည်သူသိ ပြသထားသော ဆိုင်းဘုတ်အရေအတွက်နှင့်ပတ်သက်၍ ၎င်းကဆိုသည်။

ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်မှာ အခု ၂၀ ခန့် စိုက်ထူထားကြောင်း၊ ယင်းတို့ကို ယခု ရက်ပိုင်းတွင် အပြီး ပြန်လည်ဖြုတ်သိမ်းပေးသွားမည်ဖြစ်ကြောင်း ပါတီဝင် မင်းချစ်ကိုကလည်း ပြောသည်။

ယင်းသို့ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နှုတ်ဖြင့်ရော စာဖြင့်ပါ ဆက်သွယ်အကြောင်းကြားလာခြင်း မရှိသော်ငြား မိမိတို့အစီအစဉ်ဖြင့် ယခုလို လုပ်ဆောင်နေကြောင်း ပါတီဝင်များက ဆိုသည်။

ဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် နှင်းဆီပါတီထံ အကြောင်းကြား အသိပေးထားခြင်း ရှိမရှိမော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ဟင်္သာမီဒီယာက အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက မေးမြန်းရာတွင်လည်း ယင်းသို့ ညွှန်ကြားမထားကြောင်း တာဝန်ရှိသူက အတည်ပြုသည်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားရာမှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ ရက် ညပိုင်းတွင် ကြေညာထားသည်။

ချောင်းဆုံမြို့နယ်ရှိ ယခင် နှင်းဆီပါတီဝင် ဖြစ်ခဲ့ဖူးသူများအနက် တဝက်ခန့်မှာ လာမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲ မပေးတော့ရန် သဘောထားရှိသူအချို့လည်းရှိနေကြောင်း၊ ပါတီအမတ်လောင်းများအနေဖြင့်မူ လာမည့် ရွေးကောက်ပွဲတွင် မိမိတို့ သဘောကျနှစ်ခြိုက်ရာ အခြားပါတီ အမတ်လောင်းများကို ဆန္ဒမဲ ပေးကြမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သူ ဦးအောင်သွင်က ပြောကြားသည်။

ချောင်းဆုံမြို့နယ်တွင် နှင်းဆီပါတီဝင်အင်အား သောင်းနှင့်ချီ ရှိခဲ့ကြောင်း ပါတီရှိသူတို့ထံမှ သိရသည်။ မူလက နှင်းဆီပါတီကို မဲပေးရန် လျာထားခဲ့သူများအနေဖြင့် ယခုအခြေအနေတွင် တိုင်းရင်းသားပါတီများကို မဲပေးရန် ပြောင်းလဲဆုံးဖြတ်လိုက်သည်မျိုးလည်း ကြားသိရကြောင်း ပါတီစည်းရုံးရေးတာဝန်ရှိသူက ဆိုသည်။

UDP အနေဖြင့် ချောင်းဆုံမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်နေရာအပြင် ဗမာ၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားကိုယ်စားလှယ်လောင်းများ၊ စုစုပေါင်း ၇ နေရာတွင် ရွေးကောက်ပွဲဝင်ရန် နဂိုက ပြင်ဆင်ထားခဲ့သည်။ သို့သော် ယင်း ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားရာမှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၇ ရက် ညပိုင်းတွင် ကြေညာလိုက်သလို ပါတီကိုယ်စားလှယ်လောင်းများသည်လည်း ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးကြောင်း ထုတ်ပြန်ခဲ့သည်။

ကော်မရှင်၏ စုံညီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (ခ) နှင့်အညီ UDP ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ပြီး ပါတီကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ထိုစဉ်က ဖော်ပြခဲ့သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ(၁၂)-က ပုဒ်မခွဲငယ်(၄)ညွှန်းဆိုချက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ(၆)နှင့် ငြိစွန်းသဖြင့် ယခုလို ဖျက်သိမ်းလိုက်ကြောင်းလည်း ဆိုခဲ့သည်။

ပါတီကို ဖျက်သိမ်းလိုက်ပြီဖြစ်၍ နှင်းဆီပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာလည်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဇ) နှင့် ငြိစွန်းသည့်အတွက် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပြီဖြစ်ကြောင်း ကော်မရှင်က ထပ်လောင်း ကြေညာထားခဲ့သည်။

လက်ရှိအချိန်တွင် နှင်းဆီပါတီဥက္ကဋ္ဌမှာ ထောင်ပြေးမှု၊ တရားမဝင်ငွေကြေးများနှင့် ပတ်သက်မှုများဖြင့် ရင်ဆိုင်နေရသလို ပါတီ ဖျက်သိမ်းခံရသောနေ့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရချိန် နှစ်ပတ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ဦးကျော်မြင့် ခေါ် ဇခုန်ဇုန်းဆောင်၏ နောက်ကြောင်းကိစ္စများနှင့်ပတ်သက်၍ ဝေဖန်ချက်အများအပြား ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း သူ့ကို ယခင် ထောင်ပြေးအမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စက်တင်ဘာ ၂၉ ရက် ညမှာ ဖမ်းဆီးပြီးနောက် ၂၄ နာရီအတွင်းမှာ မန္တလေးတိုင်းဒေသကြီးရှိ အိုးဘိုအကျဉ်းထောင်ဆီ လွှဲပြောင်းချုပ်နှောင်ထားခဲ့ပြီးဖြစ်သည်။

UDP ကိုယ်စားလှယ်လောင်းများကို မဲရုံတွင် ဆန္ဒမဲပေးပါက ပယ်မဲအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ချက်ကို ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်အပြင် မဲရုံများတွင်လည်း ကပ်ထားလျက် ကြေညာသွားမည်ဖြစ်ကြောင်း ကော်မရှင်က အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NMT

ဓာတ်ပုံ – မင်းချစ်ကို

Leave a Reply