ချောင်းဆုံ ၊ မတ်

ဘီလူးကျွန်း၊ ချောင်းဆုံဒေသတွင် မြို့နယ်အကြီးအကဲများအမည်ခံပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ထံ ဖုန်းငွေဖြည့်ကတ် တောင်းခံနေမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ရာ ယင်းသို့ တောင်းခံလာပါက ဖြည့်ပေးရန် မလိုကြောင်း ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က အသိပေးပြောကြားခဲ့သည်။

“ကျွန်တော်အပါအဝင် ဘယ်ဌာန ဘယ်အဖွဲ့အစည်းက အကြီးအကဲတွေဖြစ်ဖြစ် ဖုန်းဆက်ပြီး ငွေဖြည့်ပေးဖို့ တစ်စုံတစ်ခု တောင်းလာတာတို့ ရှိရင် ပေးဖို့ မလိုဘူး။ မြို့နယ်က အကြီးအကဲတွေ၊ ဌာနဆိုင်ရာတွေကို ခေါင်းစဉ်သုံးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံကနေ လိမ်လည်ခံနေရတာတွေကို ကြားသိနေရလို့ တစ်မြို့နယ်လုံးမှာရှိတဲ့ ကျေးရွာအုပ်စု ၄၆ အုပ်စုလုံးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သတိပေးပြောကြားထားပြီးဖြစ်တယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုအပတ်အတွင်း၌ ချောင်းဆုံမြို့နယ်မှကျေးရွာအုပ်ချုပ်ရေးမှူးအချို့ထံ ဌာနဆိုင်ရာခေါင်းစဉ်သုံး၍ ဖုန်းငွေ ဖြည့်ပေးရန် ဖုန်းဆက်ပြီး တောင်းခံလာခြင်းကြောင့် လိမ်လည်ခံခဲ့ရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း ရှိသည်ဟုသတင်းထွက်ပေါ်နေကြောင်းဒေသခံများထံမှသိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးဟုဆိုကာ မရမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငွေနှင့် သက္ကောကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမြမောင်တို့ထံ ဖုန်းဆက်သွယ်လာခဲ့ပြီး ဖုန်းငွေဖြည့်ပေးရန် တောင်းခံလာခဲ့ကြောင်း၊ သို့ဖြစ်ရာ မသင်္ကာ၍ ငွေဖြည့်သွင်းပေးခဲ့ခြင်းမပြုခဲ့ကြောင်း တောင်းဆိုခံရသူတို့က ပြောပြသည်။

“မြို့နယ်မှူးဆိုပြီး ကျွန်တော့်ဆီကို ဖုန်းငွေဖြည့်ပေးဖို့ အရေးကြီးတယ်၊ ဘာညာ ပြောလာတယ်။ မြို့နယ်မှူးအသံမျိုးလည်းမဟုတ်၊ အသုံးအနှုန်း ၊ ပြောဟန်ဆိုဟန်လည်း မဟုတ်တော့ အကူအညီလိုရင် လူကိုယ်တိုင် တွေ့ချင်တယ်လို့ ပြောလိုက်တော့ ဖုန်းချသွားတယ်”ဟု မရမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငွေက ပြောသည်။

ချောင်းဆုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဘုန်းနိုင် အနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ ဖုန်းငွေဖြည့်ပေးရန် တောင်းခံခဲ့ခြင်း မရှိသလို ယခုကဲ့သို့ လိမ်လည်မှုဖြစ်စဉ်များကို သတိထားရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း သက္ကောကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမြမောင်က ဆိုသည်။

written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply