Advertisements

ချောင်းဆုံ ၊ ဇူလိုင် ၁၉

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် ဒေသအတွင်း အကြီးဆုံးဈေးဖြစ်သည့် ရွှေဟင်္သာဈေးသစ်ကို ဇူလိုင်လ ၁၉ ရက်နံနက်တွင် ဖွင့်လှစ်ခဲ့သည်။

“ချောင်းဆုံမြို့နယ်တစ်မြို့နယ်လုံးမှာရှိတဲ့ဈေးတွေထဲမှာအခုဆောက်လုပ်ပြီးစီးသွားတဲ့ ကမာမိုကျေးရွာ ရွှေဟင်္သာဈေးကအကြီးကျယ်အခမ်းအနားဆုံးဖြစ်တဲ့အပြင် မွန်ပြည်နယ်တစ်ခုလုံးကကျေးရွာဈေးတွေထဲမှာ အကောင်းဆုံးဈေးအဆောက်အဦတစ်ခုဖြစ်တယ်”ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောသည်။

Advertisements
data-language="en"

အဆောက်အဦးမှာ အလျား ၉၆ ပေ အနံ ၈၄ ပေ အမြင့် ၁၆ ပေ ရှိ တစ်ထပ်ဈေးဖြစ်ပြီး ၆ပေပတ်လည်ဆိုင်ခန်းပေါင်း ၁၃၄ ခန်းဖြင့်ပါဝင်ဖွဲ့စည်းထားကြောင်းဈေးဖြစ် မြောက်ရေး ကော်မတီမှ ဦးမင်းငွေထွန်းက ပြောသည်။

“ကျေးရွာလူထုထည့်ဝင်ငွေကျပ် ၃၆၂ သိန်းနဲ့ လူထုဗဟိုပြုစီမံကိန်းကပံ့ပိုးငွေ ကျပ် ၃၄၆ သိန်းစုစုပေါင်း ကျပ် ၇၀၈ သိန်းနဲ့ဆောက်လုပ်ခဲ့ခြင်းဖြစ်တယ်”ဟု ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး က ဆိုသည်။

ချောင်းဆုံမြို့နယ်တွင်ဖော်ဆောင်နေသည့်လူထုဗဟိုပြုစီမံကိန်းပထမနှစ်ရာသီစက်ဝန်းတွင်ကွမ်သဲကျေးရွာဈေး ၊ ဒုတိယနှစ်တွင် ကွမ်ရိုက်ကျေးရွာဈေးနှင့် ယခုတတိယနှစ်တွင် ဖော်ပြပါဈေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဦးခင်မောင်ဦးက ဖြည့်စွက်ပြောသည်။

ယင်းဈေးသစ်ဖွင့်ပွဲအခမ်းအနားသို့ ချောင်းဆုံမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေး ၊ မွန်ပြည်နယ်ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဒုညွှန်မှူး ဦးဇော်မျိုးလွင်တို့လည်းတက်ရောက်ခဲ့သည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply