Advertisements

ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်ကကျေးရွာတွေမှာ နှစ်စဉ်နှစ်တိုင်း ရိုးရာဘုရားပွဲကို ရွာစဉ်အလိုက် ကျင်းပနေကျဖြစ်ပါတယ်။

စပါးသိမ်းချိန်လွန်မြောက်၊ ပွင့်လင်းရာသီရောက်တာနဲ့ တစ်ရွာပြီးတစ်ရွာ သတ်မှတ်ရက်တွေမှာ အလှည့်ကျဘုရားပွဲတော် ကျင်းပလေ့ရှိပါတယ်။

ဘီလူးကျွန်းမှာ ကျေးရွာအုပ်စု ၄၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၇၈ ရွာပါဝင်တာမှာ နှစ်စဉ် ရိုးရာဘုရားပွဲတော် ကျင်းပတဲ့အစဉ်အလာကိုဒေသခံတွေက အမြတ်တနိုးနဲ့ အားခဲလို့တအားနွှဲကြတဲ့ ဘုရားပွဲတွေလို့ ဆိုရပါလိမ့်မယ်။

တပို့တွဲလပြည့်နေ့မှာ မရမ်းနဲ့ကဒါကျေးရွာတွေမှာ တပေါင်းလဆန်း ၁၃ ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိ ဒေါင်းဥ ၊ ဒေါင်းရပ် ၊ ဒရယ်နဲ့ ကွမ်သဲကျေးရွာတွေမှာ တစ်ရက်စီဆက်ပြီး အလှည့်ကျ ကျင်းပကြပါတယ်။

တန်ခူးလပြည့်နေ့မှာတော့ ကော့ရွဲကျေးရွာဘုရားပွဲတော်ကို ကျင်းပလေ့ရှိကြောင်း ဒေါင်းဥကျေးရွာနေဒေါ်မီးမီးက ဒေသရဲ့အစဉ်အလာကို ပြောပြပါတယ်။

‘ရပ်ဝေးရပ်နီးက လာသမျှ ဧည့်ပရိသတ်တွေကိုဘုရားပွဲတော်ကျင်းပတဲ့ရွာက အယုတ်၊ အလတ်၊ အမြတ်မရွေး၊ ထမင်းဟင်းအပါအဝင် မုန့်ပဲသရေစာမျိုးစုံနဲ့ ဧည့်ခံကျွေးမွေးကြတယ်’လို့ သူမက ဆိုပါတယ်။

ဘီလူးကျွန်းမှာ ကျင်းပနေတဲ့ ရွာစဉ်ရိုးရာဘုရားပွဲတော်တွေအနက် သင်္ကြန်ကာလအတွင်းမှာလည်း ရေဘုရားပွဲတော်အဖြစ် မုရစ်ကြီး၊ ချောင်းဆုံ၊ ကရင်ဝင်းစိန်၊ စော်ကဲကျေးရွာတွေနဲ့ ဘိုးနက်၊ ဝယ်ကျိုက်၊ သက္ကော၊ ကွမ်လမိုင်းကျေးရွာတွေမှာတော့ သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပလေ့ရှိကြောင်း ဒေသခံတွေကတညီတညွတ်တည်း ပြောပြကြပါတယ်။

“ဘိုးနက် ၊ ဝယ်ကျိုက် ၊ သက္ကော၊ ကွမ်လမိုင်းကျေးရွာလေးရွာက ကျိုက်သုတ်ဘုရားပွဲတော်ကိုတာဝန်ယူပြီး ကျင်းပလေ့ရှိတယ်။ သင်္ကြန်ရက်တွေမဟုတ်ဘဲနဲ့ နှစ်ဆန်းတစ်ရက်နေ့မှာလည်း ဘုရားပွဲတော်ကိုလာရောက်ရင်း ရေကစားကြတယ်”ဟု သက္ကောကျေးရွာက ဦးမောင်မြင့်က ဆိုပါတယ်။

သင်္ကြန်အပြီးကာလမှာတော့ ကျိုက်သုတ်၊ ကလော့၊ တော်ကနာ၊ ကွမ်ရိုက် ၊ ကုလားဘီ(ရွှေနတ်တောင်)၊ ကမနင်း၊ ရွာလွတ်၊ ကမာမို၊ မုဒူး၊ ကညှော်၊ကမာကေး၊တောင်စွန်း၊ ကလွီကျေးရွာတွေမှာ ရိုးရာဘုရားပွဲတော်ကို ကျင်းပလေ့ရှိပြီး နှစ်စဉ်စည်ကား သိုက်မြိုက်ကြောင်း ချောင်းဆုံဒေသခံ ဦးအေးကြူက ပြောပြပါ

တယ်။ ဘုရားပွဲတော်ကာလက တပို့တွဲလပြည့်နေ့ကနေ တန်ခူးလအထိ သုံးလဝန်းကျင်ဖြစ်တာမို့ ကာလရှည်လျားစွာ ကျင်းပတဲ့ ထူးခြားတဲ့ ရပ်ဓလေ့ ရွာဓလေ့တစ်ရပ်ပါပဲ။ ပြည်တွင်း၊ပြည်ပ ဒေသအသီးသီးမှာ အနှံ့အပြားရောက်နေကြတဲ့၊ ရွှေ့ပြောင်းလုပ်သားအဖြစ်သွားရောက်လုပ်ကိုင်နေသူတွေအနေနဲ့လည်း ဘုရားပွဲတော်ကို စိတ်ညွှတ်လို့ မဖြစ်မနေ ဌာနေပြန်ပြီးလာရောက်ဆင်နွှဲလေ့ရှိကြတယ်ဆိုလေရဲ့။

ကျေးရွာအလိုက် ဘုရားပွဲတော်တွေမှာ နွားအလှ၊ နွားလှည်းအလှပြိုင်ပွဲတွေ၊ ခြင်းလုံးအလှခတ်နဲ့ ခြင်းလုံးပြိုင်ပွဲတွေအပြင် ထူးထူးခြားခြား ထည့်သွင်းပါဝင်လေ့ရှိတာကတော့ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေပါပဲ။

ဒီရိုးရာလက်ဝှေ့ပွဲတွေဟာ အစဉ်အလာတစ်ရပ်အနေနဲ့ ကာလအဆက်ဆက် အဓွန့်ရှည်ကြာအောင် ရှင်သန်တည်မြဲခဲ့တာ ဖြစ်ပါတယ်။ ရွာအခြေအနေ၊ ငွေကြေးထောက်ပံ့ပေးနိုင်မှုအပေါ် မူတည်လို့ ရိုးရာလက်ဝှေ့ပွဲရဲ့ အဆင့်အတန်းကလည်း သူ့နည်းသူ့ဟန် ကိုယ်စီ ကွာခြားသွားတာရှိပါတယ်။

ဆုကြေးငွေ အထိုက်အလျောက် ချီးမြှင့်ပေးနိုင်တဲ့ ရွာတွေက လက်ဝှေ့ပွဲရဲ့ ထိုးသတ်မှု အဆင့်အတန်းဟာ ရပ်ဝေးရပ်နီးက အားခဲလာရောက်တဲ့ ပရိသတ်တွေကို ဖမ်းစား ဆွဲဆောင်နိုင်စေမယ့် နာမည်ရ လက်ဝှေ့ကျော်တွေရဲ့ အထူးပွဲတွေ ပါဝင်သလို ဆုကြေးများစွာ မထောက်ပံ့နိုင်၊ မပံ့ပိုးနိုင်တဲ့ ဘုရားပွဲကျင်းပရာ ရွာတွေမှာတော့ သာမန်အဆင့်ပဲရှိတဲ့ လက်ဝှေ့ပွဲတွေလောက်သာ ကျင်းပဖြစ်ကြပါတယ်။

ဘယ်လိုပင် ကွာခြားတယ်ဆိုစေ၊ ရိုးရာလက်ဝှေ့ပွဲတွေကတော့ လူတိုးမပေါက်အောင် ကြက်ပျံမကျ၊ ခြိမ့်ခြိမ့်သဲသဲ စည်ကားသိုက်မြိုက်ပြီး တခဲနက် အားပေးကြတာတော့ အညီအမျှပါပဲ။ ရှေးယခင်ကတော့ မြေဝိုင်းအဆင့် လက်ဝှေ့ပွဲတွေသာ ကျင်းပခဲ့ကြပေမယ်လို့လည်း မျက်မှောက်အခါမှာတော့ ခေတ်နှင့်အညီ ကြိုးဝိုင်းစင်တွေနဲ့ တသီးတသန့်၊ တခမ်းတနား ကျင်းပတဲ့ အလေ့ထုံလာပါပြီ။ ဒီဘီလူးကျွန်းဒေသတွင်း ကျေးရွာဘုရားပွဲပါ ရိုးရာလက်ဝှေ့စင်ပေါ်ကနေ တစ်ဆင့် ထင်ရှားတဲ့ လက်ဝှေ့ကျော်တွေ အများအပြားပေါ်ထွက်လာခဲ့ဖူးပါ

တယ်။ အရင်ကာလတွေဆီက ဦးတိုးလုံကြီး၊ မိုက်တုန်း စတဲ့ လက်ဝှေ့အကျော်အမော်တွေ ပေါ်ထွက်လာခဲ့ဖူးတဲ့နည်းတူ နောက်ပိုင်းမှာ ဦးဘိုးရွှေ၊ ဦးဘိုးငွေစတဲ့ လက်ဝှေ့ကျော်တွေအပြင် သက်ထွန်း၊ ကျော်ထွန်း၊ သက်နိုင်ဦး၊ အောင်နိုင်မင်းဦး၊ ဘိလပ်မြေစတား၊ ဘိလပ်မြေ မောင်မောင်၊ အောင်ဇေယျ စသဖြင့်သော လက်ဝှေ့ကျော်တွေ ပေါ်ထွန်းလာခဲ့တာပါပဲ။

အခု ဒီဘက်နှစ်ပိုင်း ရွာစဉ်ဘုရားပွဲတွေမှာ ထည့်သွင်းကျင်းပတဲ့ လက်ဝှေ့ကြိုးဝိုင်းစင်မြင့်တွေထက်မှာဆိုရင် မျိုးဆက်သစ် လက်ဝှေ့သမားကောင်းများစွာလည်း အားရလောက်စရာ အရေအတွက်အထိ ထွက်ပေါ်လာခဲ့ပါတယ်။ သာဓကဆောင်ပြောရရင် လက်ဝှေ့ကျော် မောင်မောင်(ဘိလပ်မြေ)ရဲ့ ဘီလူးကျွန်းအခြေစိုက် ရန်စစ်ငြိမ်း ကလပ်ကနေ ကျော်စွာ၊ စိုးဝင်းသန်း၊ တက်ထွန်း၊ ကျားပေါက်၊ စောနိုင်ထွန်း၊ မျှားကလေး၊ သိန်းလင်းဦး၊ ရာဇာမင်းအပါအဝင် လူငယ်လက်ရုံးရည်ပိုင်ရှင်များစွာကို တွေ့ရမှာပါပဲ။

ရန်စစ်ငြိမ်း လက်ဝှေ့ကလပ်ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ကရင်နှစ်သစ်ကူးကနေ BGF 1014 နဲ့ ဗိုလ်ကြီး တင်ဝင်း တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ် ရွာစဉ်ဘုရားပွဲတော်တွေမှာတော့ ရန်စစ်ငြိမ်း ကလပ်က လူငယ်လက်ဝှေ့ကျော်တွေဟာ ပွဲချီ ၃ ပွဲကနေ ၅ ပွဲ၊ ၆ ပွဲအထိ လက်စွမ်းပြခဲ့ပြီးဖြစ်တာကိုတွေ့ရပါတယ်။ အရေအတွက်တင်သာမက လက်ဝှေ့ကြိုးဝိုင်းထက်မှာ အရည်အသွေးပါ မှတ်ကျောက်တင်ခံနိုင်ခဲ့တဲ့ ဒီလူငယ်တွေအပေါ် ဒေသခံအားကစားဝါသနာရှင် ပရိသတ်တွေရဲ့ ယုံကြည်မှုနဲ့ လက်ခုပ်သြဘာသံတွေကိုတော့ ကိုယ်တွေ့မျက်မြင် သွားရောက် လေ့လာအကဲခတ်နိုင်ကြမှာဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အပါအဝင် ရပ်ဝေးရပ်နီးကနေ ဒီဒေ

သရဲ့ပွဲကို ရောက်လာကြတဲ့ ညီနောင်လက်ဝှေ့သမားတွေနဲ့ ပုဝါမကူ၊ ရေမရှူစတမ်း၊ ရေကုန်ရေခန်း သူနိုင်၊ ကိုယ်နိုင်ထိုးသတ်ယှဉ်ပြိုင်နေကြတာကို အံ့မခန်း မြင်တွေ့နိုင်ကြမှာလည်း ဖြစ်ပါတယ်။ ဘီလူးကျွန်းက လက်ဝှေ့ကျော် လူငယ်တွေဟာ မွန်၊ တနင်္သာရီ၊ ကရင်ဒေသအပြင် ရန်ကုန်အထိပါ တက်ရောက် ယှဉ်ပြိုင် လက်စွမ်းပြနိုင်ခဲ့တာကို ရုပ်မြင်သံကြားဖန်သားပြင် ထက်ကနေလည်း စောင့်မျှော်ကြည့်ရှုခဲ့ရပါတယ်။

“လက်မှာ ဒဏ်ရာရထားပေမယ့်လို့ ဒီနှစ် ဘုရားပွဲမှာ ညီအစ်ကိုတွေ၊ သူငယ်ချင်းတွေက တောင်းဆိုတော့လည်း မနေ့က ကညှော်ကျေးရွာ လက်ဝှေ့ကြိုးဝိုင်းစင်မြင့်မှာ လမိုင်းမြို့က လမ်းမယူနဲ့ တက်ထိုးခဲ့ပါတယ်” လို့ လူငယ် လက်ဝှေ့အကျော်အမော် စိုးဝင်းသန်း(ရန်စစ်ငြိမ်းကလပ်)က ဧပြီ ၂၅ ရက်နေ့က ပြောပါတယ်။

ဒေသခံတွေက ချီးမြှင့်အားပေးကြသလို အကြောင်းကြုံလာတော့လည်း ကိုယ့်ပရိသတ်ရဲ့ ဆန္ဒကို မိမိဒဏ်ရာထက် ပိုအလေးထား ဦးစားပေးပြီး လက်ရုံးရည်သာမက နှလုံးရည်ပါ ပြသခဲ့ရတယ်လို့ ဆိုရမှာပါပဲ။

ဒါလည်း ဒီဒေသရဲ့ အပြန်အလှန်မေတ္တာပြယုဂ်လို့ ဆိုနိုင်ပါလိမ့်မယ်။

ပုဝါမကူ၊ ရေမရှူစတမ်း၊ ရေကုန်ရေခန်း သူနိုင်၊
ကိုယ်နိုင်ထိုးသတ်ယှဉ်ပြိုင်နေကြတာကို
အံ့မခန်း မြင်တွေ့နိုင်ကြမှာ

ဒီနှစ် ပွဲတော်ရာသီမှာ ရွာလွတ်၊ ကုလားတို့၊ မုဒူး သုံးရွာမှာ လက်ဝှေ့စွမ်းပြခဲ့ပြီးဖြစ်တဲ့ ကျော်စွာကတော့ ရက်မကြာမီ ကရင်ပြည်နယ်မှာ သွားရောက် ယှဉ်ပြိုင်ထိုးသတ်ရမယ့် ပွဲအတွက် ခု ဘုရားပွဲတွင်းမှာကို မနားမနေ ရေကုန်ရေခန်း လေ့ကျင့်နေပြီဖြစ်ပါတယ်။ မေလ ဒုတိယပတ်ထဲအတွက်ပါ။

စိုးဝင်းသန်းတို့ ကျော်စွာတို့ ညီအစ်ကိုတစ်တွေကတော့ လက်ဝှေ့ကို ပညာရပ်တစ်ဆူအဖြစ် တကယ့်ကိုနှစ်နှစ်ကာကာ၊ လေးလေးမြတ်မြတ်နဲ့ လေ့ကျင့်ရင်း လေ့လာရင်း ဘီလူးကျွန်း သင်္ကေတကို ထင်ဟပ်ပြနိုင်ဖို့ ကြိုးစားနေသူတွေလို့ ဆိုချင်ပါတယ်။

“ကျွန်တော် MMA ပွဲစဉ်တွေဆီထိ အရောက် သွားချင်တယ်။ ဒါ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပဲ”လို့ လက်ဝှေ့ကျော် စိုးဝင်းသန်းက ဖွင့်ဟပါတယ်။ ပြိုင်ဘက်ရဲ့ ထိုးချက်၊ ကန်ချက်၊ တိုက်ကွက်တွေနဲ့ ထိပ်တိုက်တိုးတိုင်း မြင်တွေ့ရနေကျ သူ့ရဲ့ ပင်ကိုယ်မူဟန် အပြုံးမျက်နှာချိုချိုနဲ့ပါပဲ။

ဘာပဲပြောပြော ဘီလူးကျွန်းပေါ်က ရွာစဉ်ဘုရားပွဲဓလေ့၊ ရွာစဉ်ဘုရားပွဲတိုင်းမှာ ထည့်သွင်းနေကျ ရိုးရာလက်ဝှေ့ပွဲတွေထဲကနေ ကိုယ့်အရပ် ကိုယ့်ဒေသကို ကိုယ်မြတ်နိုးရာ ပညာရပ်တစ်ဆူနဲ့ ပုံရိပ်ဖော်အလှဆင်နေကြတဲ့ ဒီ လက်ဝှေ့ကျော်တွေဟာလည်း ဘီလူးကျွန်းရဲ့ လူသားသယံဇာတများအဖြစ် တင်စားရရင် လွန်မယ်မထင်ပါဘူး။

ဘယ်ရွာပွဲကို အားရကျေနပ်မှုအရှိဆုံးလဲ မေးမြန်းကြည့်တဲ့အခါမှာတော့ “ကမာကေးရွာ ဘုရားပွဲကိုအားအရဆုံးပဲ”လို့ ဝါရင့် သမ္ဘာရင့်လက်ဝှေ့ကျော် မောင်မောင် (ဘိလပ်မြေ)က ပြောပြပါတယ်။

အချုပ်အနေနဲ့ပြောရရင်ကဆုန် လပြည့်မတိုင်မချင်း ရွာစဉ်အလိုက် ကျင်းပနေကြဦးမယ့် ဒီ ဘီလူးကျွန်းက ရွာစဉ်ဘုရားပွဲ၊ ဒီပွဲတော်ထဲက လက်ဝှေ့ကြိုးဝိုင်း စင်မြင့်၊ ဒါတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လို့ လက်တွေ့မျက်မြင် လေ့လာအကဲခတ် သုံးသပ်ကြည့်စေချင်လို့ လက်တို့ပြီးတော့ ပြောပြ ညွှန်းဆိုလိုက်ပါရစေ မိတ်ဆွေ။ ။

Written by လွတ်လပ်မောင်(ယက္ခမြေ)၊ မင်းကျော်မောင်

Advertisements
<

Leave a Reply