Advertisements

ချောင်းဆုံ ၊ ဇွန်

ချောင်းဆုံမြို့နယ်တွင် ကျေးရွာအုပ်စု ၄၆ ခုရှိသည့်အနက် မေလ၁၇ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အတွင်း၌ ကျေးရွာအုပ်စု ၄၄ ခုကို မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဘဏ်မှတဆင့် သိရသည်။

“မြို့နယ်မှာ ကျေးရွာတွေကလည်းများတယ်။ လယ်သမားတွေအတွက်စိုက်ပျိုးစရိတ်ချေးငွေကို အချိန်မီ ထုတ်ချေးပေးနိုင်ဖို့အတွက်ကျေးရွာကတာဝန်ရှိသူတွေကလည်းစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမဲ့စာရင်းဇယား တွေကို အချိန်မီပြုစုပေးပို့နိုင်ဖို့လည်းလိုအပ်တယ်”ဟု ယင်းဘဏ် မန်နေဂျာ ဒေါ်ချိုချိုခင် ကပြောသည်။

ကျေးရွာအုပ်စု ၄၄ စုမှ လယ်သမားဦးရေ ၅၆၅၈ ဦး ၊ လယ်ဧက ၃၈၃၇၅ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၅၇၅၆၂ သိန်း ၅ သောင်းကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရန် ကျန်ရှိသော ကလော့ နှင့်ကမာကေးကျေးရွာအုပ်စုတို့ကိုလည်းကောင်း၊ ကျေးရွာအသီးသီးမှ နောက်ဆက်တွဲစာရင်းလက်ကျန်လယ်သမားများကိုလည်းကောင်း ဆက်လက်ထုတ်ချေးပေးသွားရန်ရှိကြောင်းသိရသည်။

“ဖြစ်နိုင်ရင်တော့ ဘဏ်ငွေပေးဆပ်ချိန်ကိုလည်း တစ်လခွဲ ၊နှစ်လနီးပါး နောက်ဆုတ်ပေးနိုင်ရင်တော့ ဘဏ်ငွေပြန်ဆပ်ကြဖို့ ပိုအဆင်ပြေနိုင်တယ်၊ လယ်ကထွက်ရှိတဲ့စပါးတွေကို အချိန်ယူ ရောင်းချနိုင်ကြတဲ့အတွက် စပါးဈေးနှုန်းကောင်းကိုလည်း ရနိုင်တယ် ”ဟုလယ်သမား ဦးမြင့်ရွှေက သုံးသပ်ပြောဆိုသည်။

ယင်းသို့ မိုးစပါးချေးငွေပြန်ဆပ်ရက်ကို ရွှေ့ဆိုင်းရန်မှာ ဆောင်းသီးနှံချေးငွေကာလ စာရင်းဇယားပြုစုချိန်ကြောင့် ဘဏ်လုပ်ငန်းပိုင်းရာအရ အဆင်မပြေကြောင်း ယင်းဘဏ်မှ တာဝန်ရှိ
သူတစ်ဦးက ဆိုသည်။

ပုံမှန်အားဖြင့်ဆိုရလျှင် မိုးစပါးစိုက်စရိတ်ချေးငွေကို လာမည့် ၂၀၁၉ နှစ်ဆန်းပိုင်းမှ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အကျေပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply