Advertisements

ချောင်းဆုံ ၊ မတ်

ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ကော့မုပွန်ကျေးရွာပိုင် ကော့ပလုတ်ကွင်းနှင့် ကညှော်ကျေးရွာပိုင် သပြေချင်ကွင်းတို့ရှိ လယ်သမားများ ယခုနှစ် ပဲအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသော နေကြာပန်းခင်းသို့ ဖေဖော်ဝါရီလအတွင်း၌ ဒေသပြင်ပမှ လူတစ်ဦးလျှင် ဝင်ကြေးကျပ် ၅၀၀ နှုန်းပေး၍ လာရောက်အပန်းဖြေသူများ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးသူများဖြင့် နေ့စဉ် စည်ကားသိုက်မြိုက်လျက်ရှိရာ ဒေသခံလယ်သမားအချို့မှာ တစ်နေ့ဝင်ငွေသောင်းချီ သိန်းချီရနေသည်များ ရှိလာကြောင်း သိရသည်။

“နေကြာပန်းခင်းထဲမှာ နေ့စဉ်စည်ကားနေတာ နှစ်ပတ်ကျော်ရှိပြီ ဖြစ်တယ်။ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးသူတွေ၊ ဗွီဒီယိုရိုက်ကူးသူတွေနဲ့ နေ့စဉ်လူအယောက် ၂၀၀၊ ၃၀၀ကျော် ပုံမှန် ဖြစ်နေတယ်။ နေကြာပန်းခင်းထဲကို လာရောက်တဲ့သူတွေထဲမှာ အထူးသဖြင့် မော်လမြိုင်မြို့သူတွေ များတယ်”ဟု လယ်သမား ဦးသိန်းဖေကပြောသည်။ ယင်းအပြင် “နေကြာပန်းခင်းက ပန်းပွင့်ချိန် တစ်လအတောအတွင်းမှာတစ်နေ့ ဝင်ကြေးငွေ ကျပ်ငါးသောင်း၊ တစ်သိန်းကျော် ရနိုင်တဲ့အတွက် တခြားဆောင်းသီးနှံ စိုက်ပျိုးတာထက် တွက်ခြေကိုက်တယ်။ လာမဲ့နှစ်မှာ ပန်းအလှ စိုက်တဲ့သူတွေ ပိုများလာနိုင်တယ် ”ဟု ကတောင်စိန်ကျေးရွာမှ ဒေါ်ခင်မြင့်က လက်ရှိအနေအထားအပေါ်  မှီတည်၍ ခန့်မှန်းပြသည်။

မော်လမြိုင်မြို့မှ လာရောက်သူ မသူဇာဝင်းက ဝင်ကြေး ၅၀၀ ကျပ်အပြင် နေကြာပန်း ၃ပွင့်ကို ၅၀၀ ကျပ်ပေး၍ ဝယ်ယူရကြောင်း၊ သဘာဝရှုခင်းများကြောင့် လာရောက်အပန်းဖြေခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“နေကြာပန်းခင်းတွေက ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) အနားမှာ တစ်ခင်း၊ တံတားချဉ်းကပ်လမ်းဆုံးအဝိုင်းအနား တစ်ခင်းရှိတယ်။ နေကြာပန်းခင်း နှစ်ခုစလုံးက အကွက်အကွင်းတွေ ကောင်းတယ်။ နေကြာပန်းခင်းတွေအပြင် ရာသီအလိုက် တခြားပန်းခင်းတွေနဲ့ အလှဆင်လိုက်ရင်လည်း စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာနိုင်တယ်” ဟု မော်လမြိုင်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဦးတင်မြင့်ဦး ကမှတ်ချက်ပြုသည်။

ယခင်နှစ်များက ပဲဈေးကောင်း၍ ဆီထွက်သီးနှံ နေကြာကို စိုက်ပျိုးသူ အလွန်နည်းပါးခဲ့ကြောင်း၊ ယခုနှစ်တွင်မူအိန္ဒိယမှ အဝယ်ကန့်သတ်လိုက်၍ မတ်ပဲဈေးနှုန်းကျဆင်းခဲ့ရကြောင်း၊ အစားထိုးသီးနှံအဖြစ် နေကြာကို လယ်သမားအချို့က စမ်းသပ်စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း၊ နေကြာပန်းခင်းမှ ယခုလို ဝင်ငွေ ရပေါက်ရလမ်းကို ဒေသခံများ သိရှိလာ၍လာမည့်နှစ်တွင် တံတားချဉ်းကပ်လမ်းတစ် ေလျှာက်၌ နေကြာပန်း ခင်း များအပြင်အခြား အလှပန်းခင်းစိုက်ပျိုးသူများ တိုးပွားလာဖွယ်ရာရှိကြောင်း ဒေသခံအချို့က သုံးသပ်နေကြသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply