Advertisements

ချောင်းဆုံ ၊ နိုဝင်ဘာ

ချောင်းဆုံမြို့နယ်၊ ခရိုက်နှီးဟုကျေးရွာအုပ်စုရှိ မြေဧက ၂၀၀ တွင် ဘီလူးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ဂဏန်း၊ပုဇွန်မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ်သိန်း ၃၀၀၀ ကျော်ဖြင့် စတင်ရင်းနှီးလုပ်ကိုင်သွားမည်ဟု အဆိုပါကုမ္ပဏီမှတဆင့် သိရသည်။

“လုပ်ငန်းအတွက် မြေကို လိုသလိုဝယ်လို့မရဘူးဖြစ်နေတယ်။ အစိုးရနဲ့ပေါင်းစပ်ပြီး ဆောင်ရွက်ရမယ့်အနေအထား ဖြစ်သွားမယ်။ လုပ်ငန်းအတွက် မြေဧက ၅၀၀ လောက်နဲ့စ ချင်ပေမယ့် လောလောဆယ် ဧက ၂၀၀ ရထားတယ်။ စိုက်ပျိုးရေးဌာနက နှစ် ၃၀ ငှားရမ်းသုံးစွဲခွင့်ပြုဖို့ရှိတယ်။ လုပ်ငန်းခွင့်ပြုမိန့်အတွက် အဆင့်ဆင့်တင်ပြထားဆဲ ဖြစ်တယ်” ဟု ယင်းကုမ္ပဏီ၊ဒါရိုက်တာ ဦးတင်ထွဋ် က ပြောသည်။

ဂဏန်းမွေးမြူရေးကို ယခုလာမည့် ဇန်နဝါရီလတွင် စတင်နိုင်ရန် လုပ်ငန်းသုံး စက်ယန္တယားများကို ယူဆောင်နေပြီဖြစ်ရာ မြေပြုပြင်ခြင်း၊ ကန်တူးဖော်ခြင်းကို နောက်နှစ် မိုးမကျမီအပြီးသတ်လိုကြောင်း ၎င်းက ဆိုသည်။

ယင်းနောက်ငါး၊ပုဇွန်၊ဂဏန်းသားဖောက်ဖြန့်ဖြူးရေးနှင့်အစာထုတ်လုပ်မှုလုပ်ငန်းများအပြင်စိုက်ပျိုးရေးလုပ်ငန်းကိုလည်း ဆက်စပ်လုပ်ကိုင်သွားရန် ရှိကြောင်း ဦးတင်ထွဋ်က ပြောသည်။

“နိုင်ငံခြားကုမ္ပဏီနဲ့ ပေါင်းစပ်လုပ်ကိုင်သွားဖို့ရှိတဲ့အတွက် နည်းပညာတွေကို ဒေသခံတွေကလည်းရလာမယ်။ တစ်ပိုင်တစ်နိုင်မွေးမြူလုပ်ကိုင်လာကြမယ်။ အလုပ်အကိုင်အခွင့်အလမ်းရလာမယ်”ဟု ခရိုက်နှီးဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦးက ပြောသည်။

လက်ရှိအနေအထားတွင် ဂဏာန်း၊ ပုဇွန် မွေးမြူရန်ရွေးချယ်ထားသည့် နေရာများသည် လယ်ယာစိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိသေးဘဲ ကျွန်းနုထွန်းပြီး ဒီရေတောပေါက်ရောက်နေသည့်နေရာများဖြစ်သည်ဟု အဆိုပါကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကဆိုသည်။

အဆိုပါမွေးမြူရေးလုပ်ငန်းအတွက် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းသဘောတူညီမှုများရရှိထားပြီး ချောင်းဆုံမြို့နယ် တွင် ပထမဦးဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်ကြောင်း သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply