ချောင်းဆုံ ၊ အောက်တိုဘာ

ဘီလူးကျွန်းကို သွယ်တန်းထားသည့် သံလွင်မြစ်ကျော် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များအနီး မြစ်သဲ၊ ကျောက်စုပ်ယူနေခြင်းကို အရေးယူသွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က သတိပေး ပြောကြားထားသည်။

“သံလွင်မြစ်ကျော် တာဝါတိုင်တွေအနီးမှာ မြစ်သဲကျောက်စုပ်ယူနေတာကို အရေးယူသွားမှာဖြစ်တယ် ။သက်ဆိုင်ရာအနီးအနားကျေးရွာတွေကလည်း တွေ့ရှိရင် အချိန်မီအကြောင်းကြားဖို့ ပြောလိုတယ်”ဟု ဦးထွန်းအောင်ကျော် က တိုက်တွန်းခဲ့သည်။

ယင်းသို့ သဲကျောက်စုပ်ယူနေခြင်းသည် တာဝါတိုင်များ ရေရှည်ခိုင်ခံ့ရေးအတွက် အဟန့်အတားများဖြစ်လာနိုင်ပြီး မလိုလားအပ်သောဆုံးရှုံးမှုများလည်းရှိလာနိုင်ကြောင်း ၎င်းကဆိုသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သူ့အပိုင်ကိုယ့်အပိုင်ရယ်လို့ခွဲခြားမနေဘဲ မြစ်ကျော်တာဝါ တိုင်တွေအနီးမှာ မြစ်သဲကျောက်စုပ်ယူနေတာတွေ့ရင် မြို့နယ်ကို အချိန်မီ သတင်းပေးကြဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတယ်”ဟု ကညှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်မိုးကပြောသည် ။

ယခုအပတ်အတွင်း မြစ်ကျော်တာဝါတိုင်များအနီးကိုက် ၂၀၀ ဝန်းကျင်တွင်မြစ်သဲကျောက်စုပ်ယူနေသော လှေများကို ဖမ်းဆီးအရေးယူထားကြောင်း ၎င်း ကဆိုသည်။

ချောင်းဆုံမြို့နယ်မှ ဟင်္သာကျွန်းထိပ်ပိုင်းတွင် ယခင်က သဲသောင်တူးဖော်ခဲ့ရာ ကမ်းပြိုမှုများရှိခဲ့ပြီးဒေသခံများ ကန့်ကွက်ခဲ့ကြောင်း ၊မြစ်သဲကျောက်လုပ်ငန်းလုပ်ကိုင်နေသူများကလည်း တရားဝင်ခွင့်ပြုထားသော လုပ်ငန်း လုပ်ကွက် များတွင်သာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

ချောင်းဆုံမြို့နယ်တွင် ယင်းလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးခန့်ရှိပြီး လုပ်ငန်းလိုင်စင်လျှောက်တင်ထားသော်လည်း ဌာနဆိုင်ရာအချို့တွင် ကြန့်ကြာမှုများရှိနေ၍ လိုင်စင်မရသေးသူများလည်းရှိနေကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply