Advertisements

ချောင်းဆုံ ၊ ဇွန်

ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှ လယ်သမားများ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်၊ မျိုးကောင်းမျိုးသန့် စပါးကို အသုံးပြုနိုင်ရေး လာမည့်စပါးစိုက်ရာသီတွင် မျိုးစေ့ ဖြန့်ဝေပေးနိုင်ရန် RS ပေါ်ဆန်းယဉ် စပါးမျိုး ဧက ၃၀၀ စိုက်ပျိုးထားကြောင်း သိရသည်။

“တောင်စွန်းမှာလယ်ဧက ၁၀၀ ၊ ကော့မုပွန်လယ်ဧက ၅၀ နဲ့ ကမာကေးလယ်ဧက ၅၀ တို့မှာမှတ်ပုံတင်မျိုးစေ့ RS ပေါ်ဆန်းယဉ်မျိုးကောင်းမျိုးသန့် ကိုစိုက်ပျိုးနိုင်ဖို့ မုဒုံဗဟိုစိုက်ပျိုးရေးခြံကနေမျိုးစေ့တွေရယူစိုက်ပျိုးခဲ့တယ် ၊ ကွမ်ရိုက်ကလယ်ဧက၁၀၀အတွက် ပေါ်ဆန်းသက်ကြီး မှတ်ပုံတင်မျိုးစေ့ RS မျိုးကောင်းမျိုးသန့်မျိုးစပါးကို ပုသိမ်မြို့သယောင်းချောင်းစိုက်ပျိုးရေးခြံကနေ ရယူစိုက်ပျိုးထားပြီးဖြစ်တယ်”ဟုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းနိုင် ကရှင်းပြသည်။

ယင်းလယ်ဧက ၃၀၀ မှထွက်ရှိလာမည့် မျိုးစပါးများကို မျိုးစေ့ထုတ်ယူ၍ ပြန်လည်ဖြန့်ဝေသွားမည်ဖြစ်သည်။

“မျိုးစပါးတွေကအပင် ပေါက်ဖွားနှုန်းကောင်းတယ် ။ပျိုးထောင်စိုက်ပျိုးရတာအဆင်ပြေတယ် ။အထွက်နှုန်းကောင်းမယ်လို့ခန့်မှန်းရတယ် ”ဟု လယ်သမား ဦးစံကျော် ကသုံးသပ်သည်။

ချောင်းဆုံမြို့နယ်တွင် လယ်ဧက ၆၅၄၅၃ ဧကရှိပြီး လယ်သမားအများစုမှာ ယခင်ကမူ ဒေသမျိုးစေ့များကိုသာ အဖန်တလဲလဲ အသုံးပြုလာခဲ့သည်။

ဦးဝင်းနိုင်က “နည်းပညာအရ မျိုးစပါးတွေကို နှစ်နှစ်တစ်ကြိမ်ပြောင်းလဲစိုက်ပျိုးသင့် တယ်။ ဒေသခံလယ်သမားတွေစိုက်ပျိုးနေတဲ့မျိုးစပါးတွေက အသုံးပြုလာတာကြာပြီဖြစ်တဲ့အတွက် အထွက်နှုန်း လျော့လာတယ်။ မျိုးတွေကလည်း အရောအနှောဖြစ်လာတယ်။ ဒါကြောင့်လဲလှယ်စေချင်တဲ့သ ဘောလည်းဖြစ်တယ်” ဟု အစားထိုးစိုက်ပျိုးရန် စီစဉ်ရခြင်းနှင့်ပတ်သက်၍ ရှင်းပြသည်။

ဒေသခံတို့ ပြောဆိုချက်အရ လက်ရှိအခြေအနေတွင် ဒေသတွင်း စိုက်ပျိုးနေသော စပါးမျိုးမှာ လယ်၁ ဧက လျှင် တင်း ၄၀ မှ ၈၀ အကြား မြေအနေအထားအပေါ်မူတည်၍ အထွက်နှုန်း အစားစားရှိနေသည်။ အစားထိုးစိုက်ပျိုးမည့် မျိုးစပါးမှာ အထွက်နှုန်း မည်မျှရှိလာမည်ကိုမူ မသိရသေးကြောင်း ၎င်းတို့က ပြောသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply