ချောင်းဆုံ မတ်

ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ်တွင် နှစ်ကာလကြာရှည်လာသည်နှင့်အမျှနုန်းတင်မြေ ဖုံးလွှမ်းပြီး ရေစီးရေလာ ညံ့ဖျင်းလာသော ကမာမိုချောင်းကိုမြို့နယ်ဆည်မြောင်းဦးစီးဌာနကတာဝန်ယူကာ မတ်လ လကုန်ရက်တွင်စတင်တူးဖော်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

အဆိုပါချောင်း ရေစီးရေလာ ညံ့ဖျင်းလာခြင်းကြောင့် မိုးစပါးစိုက်ပျိုးရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ဖွင့်ဟသည်။

“ကမာမိုကျေးရွာပိုင် ကွင်းအမှတ် ၊ ၆၅၄ ၊ ၆၅၅ (ခ) ရှိ ကမာမိုချောင်းတူးဖော်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျ ငွေ ကျပ် ၁၁ ဒသမ ၁ သန်းနဲ့ လုပ်ငန်းကို ဌာနက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်။ လုပ်ငန်းကို မတ်လ ၃၁ ရက်ကနေ ဧပြီ ၂၆ ရက်နေ့အထိဆောင်ရွက်သွားမှာဖြစ်တယ်”ဟု မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှူး ဦးခင်မောင်မောင်ဇော်က ပြောသည်။

လုပ်ငန်းမှာ အရှည်ပေ ၉၀၀၀ ၊ အောက်ခြေအကျယ် ၇ ပေ ၊ ထိတ်ဝအကျယ် ၂၁ ပေ ၊ အမြင့် ၇ ပေ ဖြစ်ပြီး ပြီးစီးပါက လယ်ဧက ၉၀၀ ကျော်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အတွက်အကျိုးပြုနိုင်မည်ဟု ၎င်းကဆို၏။

ကမာမိုကျေးရွာပိုင်လယ်ကွင်းများမှာ စပါးအထွက်နှုန်းနှင့် ဆန်အရည်အသွေး ကောင်းမွန်သောလယ်မြေများဖြစ်ကြောင်း၊ တစ်ဧကလျှင် စပါး တင်း ၆၀ ကျော် ၈၀ နီးပါး ယခင်တစ်ချိန်က ထွက်ရှိခဲ့ကြောင်း ဒေသခံလယ်သမား ဦးရွှေကဆိုသည်။

“ဘီလူးကျွန်းမှာ တောင်နောက်စပါးလို့ နာမည်ကြီးနေတဲ့၊ စပါးဈေးကောင်းရတဲ့ ကွင်းတွေထဲမှာ အပါအဝင်ဖြစ်တယ်”ဟု ၎င်းကဆက်လက်ရှင်းပြသည်။

ယခု ဆောင်ရွက်နေသည့် ချောင်း ပြန်လည် ဆည်တင် တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် များစွာအထောက်အကူပြု အကျိုးဖြစ်ထွန်းလာနိုင်ခြေရှိကြောင်း ဒေသခံလယ်သမားများကသုံးသပ်ပြောဆိုကြသည်။ တစ်ဆက်တည်းတွင် လာမည့် စပါးစိုက်ရာသီအတွက်မျှော်လင့်အားထားနေကြသည်ကို ကာယကံရှင်တို့၏ ထုတ်ဖော်ပြောဆိုချက်များအရသိရှိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply