ချောင်းဆုံ ၊ မေ

ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်ရှိ ကျေးရွာဈေးများတွင် သားငါးရောင်းချနေသူများ အလေးအချိန်အတွယ် မှန်ကန်မှု ရှိ မရှိကို တာဝန်ရှိသူများအနေဖြင့် လာရောက်စစ်ဆေးပေးရန် ဒေသခံများက လိုလားနေကြသည်။

“ဈေးထဲမှာသား ၊ ငါးဝယ်ရင်အလေးတွေကမပြည့်ဘူး ။တစ်ပိသာဝယ်မယ်ဆိုရင်ကိုးဆယ်သားကိုမပြည့်ချင်ဘူးဖြစ်နေတယ်။အချိန်အတွယ်မပြည့်ဘူးလို့ပြောပြန်ရင်လည်းရန်လုပ်သေး တယ် ။အခါကြီးရက်ကြီးတွေနဲ့ ပွဲတော်ရက်တွေဆိုရင် ရောင်းအားကောင်းလေ အချိန်အတွယ်ကပိုဆိုးလေဖြစ်နေတယ်”ဟု ကမာမိုကျေးရွာနေ ဒေါ်ချို ကဆိုသည်။

ကြိုက်ရောင်း ၊ ကြိုက်ဝယ်ဟုဆိုသော်လည်း အလေးအချိန်အတွယ် တိကျမှန်ကန်စွာ ရောင်းဝယ်စေလိုကြောင်း၊ မပြည့်ပါက ပထမအဆင့် အနေဖြင့် အသိပညာပေးခြင်း၊ ဒဏ်ငွေဆောင်စေခြင်းများ ပြုလုပ်ပြီး နောက်ဆုံးအခြေ အနေမှသာအရေးယူမှုများပြု လုပ်သင့်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး ကဆိုသည်။

“ရောင်းချနေတဲ့သားငါးဈေးတန်းတွေကို နည်းတယ်များတယ်မပြောလိုကြဘူး ။ အလေးအချိန်အတွယ်မပြည့် တာကိုအများစုက စောဒကတက်ကြတယ်။ ရောင်းဝယ်သူတွေကိုလည်း အလေးအချိန်အတွယ်ပြည့်ပြည့်၀၀နဲ့ ရောင်းဝယ်စေလိုတယ် ”ဟု ၎င်းကဆက်လက်ပြောသည်။

ဈေးများတွင် အလေးအချိန်အတွယ်စစ်ဆေးမှုများ အခါအားလျော်စွာ ပြုလုပ်နေကြောင်း၊ မမှန်ကန်သော ချိန်တွယ်မှုစနစ်ဖြင့် ရောင်းဝယ်နေသည်ကိုတွေ့မြင်သိရှိပါကလည်း အပြစ်ပေးအရေးယူမှုများပြု လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှတဆင့် သိရသည်။

Written by လွတ်လပ်မောင် (ယက္ခမြေ)

Leave a Reply