ဘီလူးကျွန်း ရေလုပ်သားတို့ ယခုလ တွက်ခြေမကိုက်

ချောင်းဆုံ ဇန်နဝါရီ
မုတ္တမပင်လယ်ကွေ့အတွင်း ကမ်းနီးငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသော ဘီလူးကျွန်းဒေသခံ ရေလုပ်သားများ ယခုလအတွင်း ရာသီဥတုအနေအထားအရ ငါးရရှိမှု နည်းပါးခဲ့ရကြောင်း ကာယကံရှင်တို့က တစ်ညီတစ်ညွတ်တည်း ပြောဆိုကြသည်။
“ကလော့ အပြိုင်ကျေးရွာမှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ၄၇ ဦးရှိတယ် ။ မုတ္တမပင်လယ်ကွေ့အတွင်းမှာ ၂လက္မခွဲ စိန်ပိုက်နဲ့ ကမ်းနီးငါးဖမ်းလုပ်ငန်းကိုတစ်နိုင်တပိုင်လုပ်ကိုင်နေကြတယ် ။ အခုလအတွင်းမှာ အရှေ့လေမကျဘဲနဲ့ မိုးရွာလိုက်တဲ့ အတွက်ငါးတွေက ကမ်းနဲ့ဝေးသွားတယ်” ဟု ကလော့ကျေးရွာနေ ရေလုပ်သား ဦ်းဆန်းထွန်းက ဆိုသည်။ “မိုးရွာရင်ငါးကကမ်းနဲ့ဝေးထွက်သွားတယ် ။ အရှေ့လေတိုက်ရင်ငါးက ကမ်းကပ်တဲ့အလေ့အထရှိတယ် ” ဟု သူက ဖြည့်စွက်ပြောသည်။
ဘီလူးကျွန်းအနီးကမ်းနီးငါးဖမ်းလုပ်ကိုင်ရာတွင် ငါးပုလွေ၊ ပါးမဲ(ခေါ်)ငါးသလောက်ယောက်ဖ၊ ငါးမျက်ဆန်ကျယ် တို့ကို အများဆုံးဖမ်းယူရရှိကြောင်းနှင့် သီတင်းကျွတ်လအတွင်းက ငါးပုလွေကိုအများဆုံးဖမ်းယူရရှိခဲ့ကြောင်း ရေလုပ်သားတစ်ဦးက ပြောသည်။
ဒိုင်သွင်းဈေးအနေဖြင့် ငါးမျက်ဆန်ကျယ် တစ်ပိသာ ၆၀၀၀ ကျပ်၊ ငါးပုလွေတစ်ပိသာ ၃၀၀၀ ကျပ်၊ ငါးသလောက်ယောက်ဖတစ်ပိသာ ၂၀၀၀ ကျပ်ရရှိကြောင်း၊ ဒေသတွင်ငါးဖမ်းဆီးရမိမှုနည်းနေသော်လည်း ငါးဈေးတန်းမှာယခင်နှစ်နှင့်ကွာခြားမှုမရှိကြောင်း ရေလုပ်သား ဦးခင်မောင်ဝင်းက ဝေဖန်သုံးသပ်သည်။
“ငါးရရှိမှုဟာရာသီဥတုအပေါ်မူတည်တယ်။ ရေလုပ်သားတွေထုံးစံက ငါးဖမ်းလုပ်ငန်းမလုပ်ကိုင်ခင် သူများမှာအကြွေးတွေနဲ့ယူစားကြတယ် ။ ငါးရများရင်များ သလိုသုံးကြတယ် ။ အကြွေးတွေဆပ်ကြတယ် ။ ငါးမရတဲ့အခါအကြွေးတွေတင်နဲ့သံသရာလည်နေတယ်”ဟု ၎င်းက ဆို၏။
သံလွင်မြစ်အတွင်းငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ဦးဖိုးလုံးကလည်း ယခုလတွင်ငါးအရနည်းနေကြောင်း ၊ ဝင်ငွေနှင့် စိုက်ထည့်ရင်းနှီးငွေ ချိန်စက်ပါက တွက်ခြေမကိုက်ကြောင်း ပြောသည်။
လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.