ချောင်းဆုံ ဧပြီ

ဘီလူးကျွန်းမှ ရွာစဉ်ရိုးရာဘုရားပွဲတော်များတွင် ရှေးက တစ်ရွာနှင့်တစ်ရွာ နွားလှည်းများဖြင့် သွားလာဆင်နွှဲခဲ့ကြသော်လည်း ယခုအခါ ဒေသတွင် ခိုင်းနွားများ ရှားပါးလာ၍ နွားလှည်းဖြင့် လာရောက်သူမရှိသလောက်ဖြစ်နေကြောင်း ဒေသခံများကတစ်ဆင့် သိရသည်။

“အရင်ကရွာစဉ်ရိုးရာဘုရားပွဲတော်ကို နွားလှည်းတွေနဲ့သွားလာကြတယ်၊ဘုရားပွဲတော်မှာနွားအလှ ၊ နွားလှည်း အလှပြိုင်ပွဲတွေလည်းရှိခဲ့တယ် ၊အခုဆိုရင်နွားအလှတွေ နွားလှည်းအလှတွေမရှိသလောက်ဖြစ်လာတဲ့အတွက် နောင်လာနောက်သားတွေအရင်ကကျင်းပခဲ့တဲ့ပုံ
စံတွေကိုမြင်တွေ့ဖို့မလွယ်တော့ဘူး”ဟု ရွာလွတ်ကျေးရွာနေ ဦးညီကဆိုသည်။

ဒေသတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တိုးတက်လာခြင်း၊ ကား ၊ ဆိုင်ကယ်များပေါများလာခြင်းတို့ ကြောင့် ယာဉ်များဖြင့်တစ်ရွာနှင့်တစ်ရွာအလွယ်တကူသွားလာနိုင်ခြင်းကြောင့်လည်းနွားလှည်းကို အသုံးပြုသူနည်းလာခြင်းလည်းဖြစ်ကြောင်း ဘိုးနက်ကျေးရွာနေ ဦးခင်ဇော်ကဆိုသည်။

ဘီလူးကျွန်းရှိကျေးရွာအားလုံးနီးပါးတွင် နှစ်စဉ်ရွာစဉ်ရိုးရာဘုရားပွဲတော်ကိုကျင်းပလေ့ရှိကြောင်းနှင့်အထူး သဖြင့်သြင်္ကန်ရက်များနှင့် သြင်္ကန်အပြီးရက်များတွင်ကျင်းပသောဘုရားပွဲတော်များမှာပိုမိုစည်ကားကြောင်း ၎င်းကဆိုသည်။

“ဘီလူးကျွန်းမှာ ကျေးရွာအားလုံးနီးပါးဘုရားပွဲတော်ကိုကျင်းပကြတယ် ၊ အလှည့်ကျတဲ့ရွာကအယုတ် ၊ အလတ် ၊ အမြတ်မရွေးလာရောက်တဲ့လူတွေကို အိမ်တိုင်းကဧည့်ခံကျွေးမွေးကြတယ် ၊ ပြည်တွင်း ၊ ပြည်ပမှာရွှေ့ပြောင်း လုပ်သားအဖြစ်သွားရောက်လုပ်ကိုင်သူတွေကလည်း ပွဲတော်ရက်တွေမှာဘုရားပွဲတော်ကိုဆင်နွှဲဖို့ ဒေသကိုပြန် လာလေ့ရှိတယ်”ဟု သက္ကောကျေးရွာခံ ဦးမြင့်ကဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply