Advertisements

 

ချောင်းဆုံ ဧပြီ

ဘီလူးကျွန်းတွင် ရွာစဉ် ဘုရားပွဲတော်ကို နှစ်စဉ် ရိုးရာမပျက် ဆင်နွှဲလျက်ရှိရာ ယခုနှစ် ပွဲတော်ကာလတွင်လည်း ပြည်တွင်း ပြည်ပ ဒေသအနှံ့အပြားရောက် ရွှေ့ပြောင်းလုပ်သားများ ဇာတိရပ်ရွာအသီးသီးသို့ ပြန်လည်ဆင်နွှဲခဲ့ကြပြီး ယခုအခါ ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းခွင် တဖန်ဝင်ရောက်ရန် ရပ်ဝေးသို့ ပြန်လည်ထွက်ခွာနေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ပြင်ပမှာရေကြည်ရာမြက်နုရာသွားလာလုပ်ကိုင်နေကြတဲ့ရွှေ့ပြောင်းလုပ်သားတွေက ကိုယ့်ရွာ ၊ ကိုယ့်ဒေသက ရွာစဉ်ရိုးရာဘုရားပွဲတော်ကိုဆင်နွှဲဖို့ ပြန်လာရင်းနဲ့ မိသားစုတွေ ၊ ဆွေမျိုးသားချင်းတွေ အသိမိတ်ဆွေတွေနဲ့ပြန် လည်ဆုံတွေ့ဖြစ်ကြတယ် ၊ ဘုရားပွဲတော်ပြီးဆုံးပြန်တော့ တစ်စစနဲ့ပြန်လည်ထွက်ခွာနေကြပြီဖြစ်တယ်”ဟု ဘိုးနက်ကျေးရွာက ဦးခင်ဇော်ကပြောသည်။

ဒေသခံအတော်များများမှာ ထိုင်း ၊ မလေးရှား ၊ စင်ကာပူ ၊ ကိုးရီးယား ၊ ဂျပန် ၊ သြစတေးလျ စသည့် ပြည်ပနိုင်ငံများတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေကြောင်း ကွမ်ရိုက်ကျေးရွာက ဦးညီလွင်ကဆိုသည်။

ဘီလူးကျွန်းတွင် ကျေးရွာ ၇၈ ရွာရှိပြီး ကျေးရွာအုပ်စု ၄၆ အုပ်စုဖြင့် ဖွဲ့စည်းထားကြောင်း၊ ရွာစဉ်ရိုးရာဘုရားပွဲ တော်ကိုကျေးရွာအားလုံးနီးပါးက အလှည့်ကျသတ်မှတ်ရက်အလိုက်ဆင်နွှဲလေ့ရှိကြောင်း၊ ဘုရားပွဲတော်တွင် အိမ် တိုင်းကဧည့်ခံကျွေးမွေးခြင်း ၊ ရိုးရာလက်ဝှေ့ပွဲ ၊ ဇာတ်ပွဲ တို့ကိုထည့်သွင်းလေ့ရှိကြောင်း ၎င်းကဆက်လက် ပြောသည်။

“ဘီလူးကျွန်းမှာဘုရားပွဲတော်ကျင်းပပုံကတခြားဒေသနဲ့ကွာခြားမှုရှိမယ်လို့ထင်တယ် ။ ဘုရားပွဲတော်အလှည့် ကျတဲ့ရက်မှာအိမ်တိုင်းကစားသောက်ဖို့ပြင်ဆင်ချက်ပြုတ်ထားကြတယ် ။ လာရောက်သူတိုင်းကိုအယုတ် အလတ်အမြတ်မရွေးဧည့်ခံကျွေးမွေးတယ် ။ ဘုရားပွဲတော်မှာဧည့်ခံကျွေးမွေးစရိတ်ကအနည်းဆုံးတစ်အိမ်ကို တစ်သိန်းနဲ့အထက်ကုန်ကျမှုရှိတယ်”ဟု ဒေသခံ ဒေါ်ညွန့်က ရှင်းပြသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply