Advertisements
ဆေးတံ လက်မှု လုပ်ငန်း ပညာရှင် ဦးမန်းငွေဝင်းနှင့် ၎င်းထုလုပ် ထားသည့် ဒသဂီရိ ဘီလူးခေါင်း ဆေးတံ ပုံစံငယ်အား တွေ့ရစဉ်။

ချောင်းဆုံ ၊ နိုဝင်ဘာ ၁၃

ဘီလူးကျွန်းဒေသ အထိမ်းအမှတ်အဖြစ် ပြသ ထားရှိသွားမည့် ဒသဂီရိဘီလူး၏ ခေါင်းဆယ်လုံးပါ လှည်းဘီး အရွယ်အစားခန့် ရှိမည့် ဆေးတံကြီးကို နိုဝင်ဘာ လကုန်တွင် စတင်၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရွာလွတ် ကျေးရွာရှိ 555 ဆေးတံ လုပ်ငန်းမှ ဦးမန်းငွေဝင်းက ပြောသည်။

“ဆေးတံ အတွက် သစ်သား ပန်းပု ထုတာတော့ အခမဲ့ ဖြစ်ပါတယ်။ ဆေးတံကို အလှဆင်နိုင်ဖို့ အခြား လုပ်ငန်း တွေအတွက် ငွေကြေး ကုန်ကျ မှုတွေ ရှိမယ်။ ကိုယ်ထူ ကိုယ်ထ လုပ်ရမယ် ဆိုရင်တော့ လုပ်ငန်း ပြီးစီးဖို့က နှောင့်နှေး နိုင်မယ်။ ဒေသကို အခု အခေါ်အဝေါ်အရ ဘီလူးကျွန်း ဆိုလို့ လက်ရှိ အမည်နာမ အထိမ်းအမှတ် အရ ခေါင်းဆယ်လုံးနဲ့ ဒသဂီရိ ဆေးတံကို လုပ်ရခြင်း ဖြစ်တယ်”ဟု ဦးမန်းငွေဝင်း ရှင်းပြသည်။

အဆိုပါ ဆေးတံကို ရွာလွတ် ကျေးရွာနှင့် သဟဇာတ ဖြစ်မည့်နေရာတွင် ထားရှိမည်ဖြစ်ပြီး ဆေးတံအရွယ် အစားမှာ အလျား ၆ ပေ ၊ အောက်ခြေမှ ဦးခေါင်းထိပ်ချွန် အထိ အမြင့် ၄ ပေ၊ လုံးပတ် အချင်း ၃ ပေ ရှိပြီး ဘီလူးခေါင်း ၁၀ လုံးပါဝင်မည် ဖြစ်ကာ ဆေးတံအား မီးညှိလျှင် မျက်လုံးများမှ မီးခိုးထွက်နိုင်ရန် ဒီဇိုင်း ဖော်ထား ပါသည်။

အဆိုပါ လုပ်ငန်း ပြီးဆုံးသည် အထိ အကောင်အထည် ဖော်နိုင်ရန်အတွက် ကုန်ကျ စရိတ် အနည်းဆုံး ငွေကျပ် ၁၀ သိန်းကျော် ရှိမည်ဟု ခန့်မှန်း ထားပြီး အဆိုပါ ကုန်ကျ စရိတ်အတွက် ပံ့ပိုးနိုင်မည့်သူအား စောင့်ဆိုင်း နေရသဖြင့် လုပ်ငန်း ကြန့်ကြာ နေရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒသဂီရိ ဆေးတံကြီးကို အများပြည်သူ တွေကို ကတိပေး ထားတဲ့အတိုင်း မဖြစ်မနေ လုပ်သွားမယ်။ လုပ်ငန်း အကောင်အထည် ဖော်နိုင်ဖို့ ရွာလွတ် ကျေးရွာ သာယာ လှပရေး အဖွဲ့ကို အကူအညီ တောင်းတော့ သူတို့မှာ ရန်ပုံငွေ မရှိ တော့ဘူးလို့ ပြောတယ်။ ပြည်တွင်း၊ ပြည်ပ အဝေးရောက် နေတဲ့ ရွာလွတ် ကျေးရွာက မွန်လူငယ် အဖွဲ့ ကတော့ လုပ်ငန်းဖြစ်မြောက်ရေးအတွက် ပံ့ပိုးသွားမယ်လို့ ပြောလာတယ်” ဟု ပန်းပုပညာရှင် ဦးမန်းငွေဝင်းက ပြောသည်။

ဘီလူးကွျှန်း ချောင်းဆုံ ဒေသရှိ ဆေးတံ လက်မှု လုပ်ငန်းအား နိုင်ငံတကာ ဈေးကွက် တင်ပို့ ရမည့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး အတွက် လိုအပ်သည့် သစ်များအား ပြည်နယ်အစိုးရမှ ရှာဖွေ ပေးခြင်း ၊ ဈေးကွက် ရှာဖွေ ပေးခြင်း တို့ကို ယခုနှစ်မကုန်မီ၌ ဆောင်ရွက် ပေးသွားရန် ရှိကြောင်းလည်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြား ထားသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ တစ်ဖက်ကမ်းရှိ ဘီလူးကွျှန်း ပေါ်ရှိ ရွာလွတ် ကျေးရွာသည် ဆေးတံ လက်မှု လုပ်ငန်းဖြင့် လူသိများသည့် ကျေးရွာ တစ်ခု ဖြစ်ကာ မုဒွန်း ကျေးရွာသည် ကျောက်သင်ပုန်း လုပ်ငန်းဖြင့် လူသိများသည့် ကျေးရွာ တစ်ခု ဖြစ်သည်။

မုဒွန်းကျေးရွာ အဝင်ဝ၌ ပြီးခဲ့သည့် 2017 သြဂုတ်လခန့်တွင် ရွာ၏ သင်္ကေတ အမြင့် ၉ ပေ ခန့်ရှိ ကျောက်သင်ပုန်း ရွာဝင် ဆိုင်းဘုတ် ကြီးအား ပြုလုပ် ခဲ့ပြီး နောက်ပိုင်းတွင် လာရောက် လည်ပတ် သူများအတွက် အမှတ်တရ ဓါတ်ပုံ ရိုက်စရာ နေရာ တစ်ခု ဖြစ်ခဲ့သည်။

ယခု တည်ဆောက်သွားမည့် ဒသဂီရီဘီလူး၏ ခေါင်းဆယ်လုံး သဏ္ဍာန် ဒေသ အထိမ်းအမှတ် ဆေးတံကြီး ပြီးစီး သွားပါကလည်း ပြည်တွင်း၊ ပြည်ပ ခရီးသွား များကို ပိုမို ဆွဲဆောင်လာနိုင်မည်ဟု ယူဆကြောင်း ဦးမန်းငွေဝင်းနှင့် ရွာလွတ် ဒေသခံများက ခန့်မှန်း ထားကြသည်။

Written by – လွတ်လပ်မောင် (ယက္ခမြေ)

Leave a Reply