နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလ ရောက်လျှင် ပညာရေးဘွဲ့ (B.Ed) နှင့်ပတ်သက်သော အသံမျိုးစုံ ကြားရလေ့ရှိသည်။ ပညာရေးဘွဲ့ဆိုသည်မှာလည်း အခြေခံပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအတွက် အမျှော်လင့်ဆုံး၊ အကြီးမားဆုံးအိပ်မက်တစ်ခုပင်။

အောက်ခြေဝန်ထမ်းဘဝမှစ၍ မူလတန်းပြ၊ အလယ်တန်းပြ စသဖြင့် အဆင့်ဆင့်တက်လာကြသော ဆွဲခန့်ဆရာဆရာမများနှင့် PGDT, PGDMA, DTEC, DTEd စသော မူပြ၊ လယ်ပြ သင်တန်းဆင်းလက်မှတ်များဖြင့်သာ လုပ်ငန်းခွင်ဝင်ခဲ့ကြသော ဆရာ၊ ဆရာမများအတွက် အခက်ခဲဆုံး၊ နတ်အကြီးဆုံးဟု ပြောရလောက်အောင် အောင်မြင်ရန်ခက်ခဲသော ဝင်ခွင့်စာမေးပွဲကြီးလည်း ဖြစ်သည်။

ဒီနှစ်လည်း ဘီအီးဒီဝင်ခွင့် ခေါ်ခါနီးပါပြီ။ ခေါ်တော့ မခေါ်သေးပါ။ သို့သော် ပြီးခဲ့တဲ့လကုန် အစည်းအဝေးကပင် စိတ်မကောင်းဖွယ် သတင်းကို ကြေငြာပေးခဲ့ပါသည်။ ဘီအီးဒီဝင်ခွင့်အတွက် လုပ်သက်တန်းစီ မရှိတော့ပါတဲ့။ အလယ်တန်းပြလုပ်သက် ဆယ်နှစ်အထက်များလည်း ဝင်ခွင့်ဖြေရပါမည်တဲ့။ သို့ဆိုလျှင် အလယ်တန်းပြ လုပ်သက် နှစ်၂၀ ကျော် ၃၀ သမားများ ကျန်နေပါသေးသည်။ ထိုဆရာကြီး ဆရာမကြီးများသည် လုပ်သက်တန်းစီ မရှိတော့လျှင် ဘီအီးဒီဘွဲ့ မည်သို့ရနိုင်ပါမည်နည်း။ အသက်ငါးဆယ်ကျော်ကြီးများ ဝင်ခွင့်ဖြေရန်မှာ မဖြစ်နိုင်ပါ။ ကျောင်းဆရာ၊ ဆရာမ လုပ်လာခဲ့သည့် သက်တမ်းတစ်လျှောက် မူလတန်းအလယ်တန်းများကို မြန်မာလိုသာ သင်ကြားပေးခဲ့ကြရပါသည်။ ဘီအီးဒီဝင်ခွင့်သည် တက္ကသိုလ်မှ စာများကို မေးခြင်းဖြစ်သည်။ တက္ကသိုလ်စာနှင့် အနှစ်သုံးဆယ်ကျော် လေးဆယ်နီးပါး ဝေးနေခဲ့ကြပြီးဖြစ်သလို သူတို့လက်ထက်က တက္ကသိုလ်တွင် ဝိဇ္ဇာသိပ္ပံဘာသာရပ်များကို မြန်မာလိုသာ သင်ယူခဲ့ကြရသည်။ ယခု တက္ကသိုလ်စာများက အင်္ဂလိပ်လိုချည့် ဖြစ်နေသည့်အတွက် ယှဉ်ပြိုင်ဖြေဆိုရန်မှာ မဖြစ်နိုင်ချေ။ ဘီအီးဒီဝင်ခွင့် လုပ်သက်တန်းစီ မပေးတော့လျှင် ပင်စင်ယူသည်အထိ B.Ed ဘွဲ့ မရရုံသာ။ သို့ဆိုလျှင် Old Service ကြီးများ၏ ရင်၌လည်း ဘီအီးဒီဝင်ခွင့်ကြောင့် ဆူးတစ်ချောင်း စူးဝင်နေပြီ မဟုတ်ပါလား။

မနှစ်ကလည်း ဝင်ခွင့်ခေါ်လိုက်တဲ့အချိန်မှာ အသံမျိုးစုံ ကြားခဲ့ရသည်။ ပထမဆုံးအသံက ‘မူလတန်းပြ၊ အလယ်တန်းပြ လုပ်သက်ဆက်တယ်။ အလယ်တန်းပြလုပ်သက်ချည့်ပဲ’ ဆိုပြီး မသဲကွဲစွာ အော်ကြ ငြင်းခုံကြ။
ပထဝီဝင်နဲ့ သမိုင်းဘွဲ့ရများရဲ့ ညည်းတွားသံ၊ မြို့နယ်လိုအပ်ချက်မရှိလို့ ဘာသာရပ်ပေါင်းစုံ တင်ခွင့်မရခြင်း၊ စာရေးအဆင့် ၂များ၊ ဘာများ ညာများ ဖြေဆိုခွင့်ရှိပြီး လယ်ပြ ၃ များ ဖြေဆိုခွင့်မရှိခြင်း၊ အခြေခံပညာအဆင့်မှာ မရှိတဲ့ မေဂျာတွေကို ခန့်ထားခဲ့ပြီးကာမှ မေဂျာပြောင်းလဲဖြေဆိုခွင့်ပြုခြင်း၊ အခြေခံမှာရှိတဲ့ပထဝီဝင်နှင့် သမိုင်းသမားများကျ ခေါ်လည်းမခေါ်၊ မေဂျာပြောင်းခွင့်လည်းမပေးခြင်း စသည် စသည်…။ ပညာရေးဝန်ထမ်းများအကြား ပွက်လောရိုက်အောင် ပြောကြဆိုကြ အော်ဟစ်ကြ…။

ယခင်ကဆိုလျှင် ဘီအီးဒီဝင်ခွင့်ဆိုသည်မှာ အလယ်တန်းပြဆရာလုပ်သက် ၅ နှစ်တင်းတင်းပြည့်မှသာ ဖြေဆိုခွင့် ရရှိခဲ့သော်လည်း လွန်ခဲ့တဲ့၃နှစ်ကစပြီး မူလတန်းပြဆရာလုပ်သက်ပါဆက်ကာ ဖြေဆိုခွင့်ရခဲ့ကြသည်။ အချို့များဆို အလယ်တန်းပြဆရာလုပ်သက်၃လမျှနှင့် ဘီအီးဒီဝင်ခွင့်အောင်၊ အထက်တန်းပြ ယာယီဖြစ်ခဲ့ကြသည်။
သိပ်ကို ကံကောင်းကြပါသည်။

ပထဝီဝင်နှင့် သမိုင်းမေဂျာများ ကျောင်းတွေမှာမရှိလို့ ဖြေခွင့်မရတာတွေ ဖြေခွင့်ပေးသော်လည်း မရွေးတာတွေ အော်ဟစ်လာကြသည်။ အရင်တုန်းက ဆယ်တန်းစာ လေးဘာသာ ဖြေကြရသည်။ ဝိဇ္ဇာ ၂၀ % လောက်သာ ခေါ်သော်လည်း မေဂျာတိုင်းဖြေခွင့်ရှိသည်။ ခု အပယ်ခံဖြစ်နေသည်။ မေးခွန်းကလည်း တက္ကသိုလ်မှစာများ ပြန်မေးသည်။ လုပ်သက်ရင့်များ စာတွေမေ့ကုန်ပြီ။ ရေးဖြေလည်းမဖြေနိုင်။ လုပ်သက်တန်းစီကလည်း အလယ်တန်းပြ လုပ်သက် ၂၅နှစ်၊ ၂၈နှစ်ကြားရှိမှသာ ရဖို့သေချာသည်။ ယခုနှစ်ဆိုလျင် လုပ်သက်တန်းစီကလည်း မရှိတော့ဘူးဟု ကနဦးသတင်း ပေးထားခဲ့လေပြီ။ ဒါဆို ဝိဇ္ဇာဘွဲ့ရတွေ ငိုနေကြရုံသာ ရှိတော့သည်။

စာရေး၂ စသော အလယ်တန်းပြဆရာလစာနှုန်း စားသည့် ရုံးဝန်ထမ်းများပင် ဖြေဆိုခွင့်ရှိနေသော ဘီအီးဒီဝင်ခွင့်သည် လက်ရှိ အမှန်တကယ် စာသင်ကြားနေကြရသော သင်ကြားရေးဆရာဆရာမ လယ်ပြ ၃ များ ဖြေဆိုခွင့်မရှိပါတဲ့။ အလယ်တန်းပြလစာပေးထားသော်လည်း မူလတန်းပြရာထူးသာ ဖြစ်သောကြောင့် တဲ့။ သို့ဆိုလျှင် လယ်ပြ ၃ များသည် နောက်ထပ် ရာထူးမတိုးတော့ပြီလော။ နားလည်ရခက်လှပါသော်ကော။

ပထဝီဝင်နှင့်သမိုင်းများသည် အခြေခံပညာတွင် မရှိမဖြစ် လိုအပ်သော ဘာသာရပ်များ ဖြစ်ပါသည်။ စိတ်ပညာ၊ ဒဿနိက၊ ဥပဒေ၊ အရှေ့တိုင်း စသည့်ဘာသာရပ်များသည် အခြေခံပညာရေးအဆင့်တွင် မလိုအပ်ပါ။ အစကတည်းက စိစစ်ခန့်အပ်ခဲ့သင့်ပါသည်။ ယခုမူ အဲဒီဘာသာရပ် ၄ ခုက အခွင့်ထူးခံများသဖွယ် ဖြစ်နေကြပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဝိဇ္ဇာ ၃ ဘာသာထဲက နှစ်သက်ရာ ပြောင်းလဲဖြေဆိုခွင့် ရနေကြသည်။
( ထိုကဲ့သို့ ပြောင်းလဲဖြေဆိုခွင့်ရသော ဘာသာရပ်သမားများကို အပြစ်ပြောနေခြင်း မဟုတ်ပါ။ လွဲမှားနေတဲ့ တကယ့်အဖြစ်အပျက်ကို ပြောပြနေခြင်းသာဖြစ်ပါသည်။ အဆိုပါမေဂျာက ဆရာဆရာမများအနေဖြင့်လည်း ပထဝီဝင်၊ သမိုင်းသမားများကို စာနာသောအားဖြင့် နားလည်ပေးစေလိုပါသည်။)

ဤသို့ဆိုလျှင် မြန်မာစာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒမေဂျာသမားများကိုလည်း အလားတူ အင်္ဂလိပ်စာ၊ သင်္ချာစသဖြင့် ပြောင်းလဲဖြေဆိုခွင့် ပေးသင့်သည်ဟုထင်ပါသည်။ ဘာသာရပ်လိုအပ်ချက်မရှိလျှင် လိုအပ်သောဘာသာရပ်မှာပြောင်းဖြေခွင့်ရသင့်ပါသည်။

ဥပမာပြောပါမည်။ အင်္ဂလိပ်စာမေဂျာ၊ အပါတ်စဉ်၁၄မှာ ၁၈ ယောက် ၊ အပါတ်စဉ် ၁၅ မှာ ၁၅ယောက်၊ အပါတ်စဉ် ၁၆ မှာ ၃ ယောက်သာ ရှိခဲ့ရာမှ အပါတ်စဉ်၁၇မှာတော့ အယောက်သုံးရာကျော်ထိ ရှိခဲ့ပါတော့သည်။ အဆမတန် များပြားလာချေသည်ဟု ဆိုသော် မရလော။

အခြေခံပညာ မူလတန်းပြ၊ အလယ်တန်းပြများမှာ အင်္ဂလိပ်စာအထူးပြု( အရပ်အခေါ် E Major)ဆိုသည်က လက်ချိုးရေလို့ ရပါသည်။ B.A(Eng)ဘွဲ့ရက အချို့သောကျောင်းများတွင် မရှိပါ။ ရှိတဲ့ကျောင်းမှာသာ ရှိပါသည်။ ဒါဆို တစ်နှစ်တည်းနှင့် သုံးရာကျော် ဘယ်က ရောက်လာပါသနည်း။ ဖော်ပြပါလေးဘာသာက လာပါသည်။ ဒါဆို ဝိဇ္ဇာသမားများကိုလည်း အနိမ့်ဆုံးအဆင့် E Major ဖြေဆိုခွင့်ပြုသင့်သည် မဟုတ်ပါလား။

ဖြစ်ချင်တာတွေ ရေးပြနေသည်ဟု မထင်စေလိုပါ။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေကို ကျွန်မတို့ ဖြတ်ကျော်ခဲ့ပြီးပါပြီ။ လယ်ပြလုပ်သက် ၅နှစ်ပြည့်ဖို့ လပိုင်းလိုတာတောင ်လက်မခံခဲ့လို့ လယ်ပြလုပ်သက် ၈နှစ်မ ှဖြေခဲ့ရပါသည်။ ဘွဲ့ရစဉ်က အထူးပြုဘာသာ အင်္ဂလိပ်စာ ဖြစ်သော်လည်း မြန်မာစာနှင့် အင်္ဂလိပ်စာမှာ မဖြေမနေရဘာသာရပ်များမို့ ဘောဂဗေဒ၊ ပထဝီဝင်ကိုပါ မေဂျာ ၁/၂ အဖြစ် ယူ၍ လေးဘာသာဖြင့် ဝင်ခွင့်အောင်ခဲ့ပြီး

B.Ed တကယ်တက်ချိန်မှာတော့ မိခင်မေဂျာအင်္ဂလိပ်စာနှင့်သာ ပညာရေးဘွဲ့ကို ရခဲ့ပါသည်။
တချို့က မေးကြသည်။ ‘ဘီအီးဒီဝင်ခွင့်က ဘယ်လောက်ဖိုး ဖြေနိုင်ရင် အောင်သလဲ’တဲ့။ ဘီအီးဒီဝင်ခွင့်သည် အောင်၊ရှုံးအတွက် ဖြေနေရခြင်းမဟုတ်ပါ။ အရည်အချင်း အဆင့်ကို သတ်မှတ်ပေးခြင်းသာ ဖြစ်ပါသည်။ ဒီနှစ် လူဦးရေ ဝိဇ္ဇာ၊သိပ္ပံ ပေါင်း ဝင်ခွင့် ဦးရေ ၇၀ ခေါ်ယူမည်ဆိုလျှင် မိမိသည် အဆင့် ၇၀ အတွင်း ဝင်ဖို့သာ လိုပါသည်။ ဝိဇ္ဇာ ၂၀% နှုန်းသာခေါ်မည့်နှစ်မှာ မိမိက ဝိဇ္ဇာဖြစ်နေလျှင် အဲဒီ ၂၀ % အတွင်း အဆင့်မီအောင် ဖြေနိုင်ခဲ့ဖို့ပဲ လိုအပ်ပါသည်။

တချို့ကျပြန်တော့လည်း ခနဲ့ကြသည်။ ‘ဘီအီးဒီဝင်ခွင့်က ဘယ်လောက်ပေးလျှင် အောင်သလဲ’တဲ့။ ဝင်ခွင့် ငွေပေးလို့ အောင်သည်ဟု မကြားဖူးပါ။ ကျွန်မတို့ကိုယ်တိုင်လက်တွေ့ဖြစ်သည်။ မေးတဲ့အပုဒ်တိုင်းကို တစ်လုံးမကျန်၊ တစ်ကြောင်းမကျန်၊ တစ်ပုဒ်မကျန် ဖြေဆိုနိုင်လျှင် ဝင်ခွင့်ပါနိုင်ပါသည်။

ဒါက လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်မှာ မြင်တွေ့နေရတဲ့ အကြောင်းအရာများ၊ လာမေးနေကြသော အချက်များသာ ဖြစ်ပါသည်။ကျွန်မ၏ဆန္ဒကျွန်မ၏စကားများမဟုတ်ပါ။

ဘီအီးဒီ ဝင်ခွင့် စာမေးပွဲကို လွန်ခဲ့သော ၃ နှစ်မှစ၍ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ စာများမေးလာခဲ့ရာ နှစ်စဉ် ကျူရှင်မသင်ရ ဝန်ခံကတိ လက်မှတ်ရေးထိုးနေကြရသော အခြေခံပညာ အလယ်တန်းပြ ဆရာဆရာမများသည် သူတို့ကိုယ်တိုင်တော့ ၂ ရက်တည်းနှင့် ခြောက်သောင်းပေး၍ ကျူရှင် တက်နေကြရသည်မှာလည်း မဖြစ်သင့်သော အဖြစ်အပျက်ပင်။ မတက်၍ လည်း ဝင်ခွင့်အတွက် သတ်မှတ်ထားသော စာများကို ဖတ်နိုင်မှတ်နိုင်ကျက်နိုင်ဖို့ မလွယ်ကူတော့ချေ။ ၎င်းတို့ကိုယ်တိုင် တက္ကသိုလ်တက်စဉ်က မြန်မာလို သင်ခဲ့ရသော စာများသည် ယခု အင်္ဂလိပ်လို ဖြစ်နေသည့်အပြင် တက္ကသိုလ်နှင့် ဝေးခဲ့ကြသည်ပင် နှစ်သုံးဆယ်ခန့် ရှိနေကြပြီ မဟုတ်ပါလား။

B.Ed ဘွဲ့ကို လေးဘာသာ ယှဉ်ပြိုင်ဖြေဆို အောင်မြင် တက်ရောက်ခဲ့သူ တစ်ဦးအနေဖြင့်ရော၊ အထက်တန်းပြဆရာမ ၊ ပညာရေးဝန်ထမ်းတစ်ဦးအနေဖြင့်ပါ ကျွန်မ ဖြစ်စေလိုသော သဘောထားကို အနည်းငယ် တင်ပြလိုပါသည်။

လုပ်သက်ကို တစ်နိုင်ငံလုံး တစ်ပြေးညီတည်းသာ သတ်မှတ်စေလိုပါသည်။ တက္ကသိုလ်မှ စာများ မမေးစေလိုပါ။ အခြေခံပညာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများသည် အထက်တန်းပြဖြစ်လျှင် ၉ တန်းနှင့် ၁၀တန်းမျှသာ သင်ကြားပို့ချပေးရမည် ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် နဝမတန်း၊ ဒသမတန်းစာများသာ မေးသင့်ပါသည်။ ထိုနည်းတူစွာ အလယ်တန်းပြလုပ်သက် နှစ်၂၀ကျော် ဆရာကြီး ဆရာမကြီးများကိုလည်း လုပ်သက်တန်းစီဖြင့် B.Ed တက်ရောက်ခွင့် ရရှိဖို့အတွက် သက်ညှာစွာ စဉ်းစားပေးစေလိုပါသည်။ အခြေခံပညာ ဆရာဆရာမတို့၏ အမက်ဆုံးအိပ်မက်လေး အသက် ၆၀ ပြည့် ပင်စင်မယူမီ အမှန်တကယ် ဖြစ်သွားစေချင်မိပါသည်။

နောက်တစ်ခုက ပထဝီဝင်မဖြေရ၊သမိုင်းမဖြေရ စသည်ဖြင့် မဖြစ်စေလိုပါ။ ကျွန်မတို့ အပါတ်စဉ်တွေတုန်းက ၄ဘာသာထိ ဖြေခဲ့ရသလိုမျိုး မြန်မာစာ၊ အင်္ဂလိပ်စာကို မဖြေမနေရဘာသာရပ်အဖြစ်နှင့် မိခင်မေဂျာ တစ်ဘာသာ ပေါင်း၃ဘာသာ ဖြေဆိုခိုင်းသင့်ပါသည်။ ဝိဇ္ဇာမရှိသောကျောင်းတွင်ပထဝီဝင်၊ သမိုင်းသမားများ မြန်မာစာအင်္ဂလိပ်စာသင်နိုင်ရန်နှင့် သင်ခွင့်ရစေရန် စိစစ်မေးမြန်းသင့်ပါသည်။ အခွင့်ထူးခံများသဖွယ်ဖြစ်နေသော စိတ်ပညာ၊ဒသနိက၊ ဥပဒေ၊ အရှေ့တိုင်း စတဲ့ အထူးပြုဘာသာရပ်သမားများကိုလည်း မြန်မာစာ၊အင်္ဂလိပ်စာ မဖြေမနေရနှင့် ဝိဇ္ဇာဘာသာရပ်ထဲမှ နှစ်သက်ရာတစ်ဘာသာယူ၍ ဖြေဆိုခိုင်းသင့်ပါသည်။ ဝိဇ္ဇာ ၂၀% ခေါ်မည်ဆိုလျှင် ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ ဟူ၍ ဘာသာရပ်မခွဲခြားဘဲ ရမှတ်အဆင့်အတိုင်း ရွေးချယ်ပေးစေလိုပါသည်။ ဤသို့ဆိုလျှင် ပထဝီ၊ သမိုင်းအထူးပြုဘွဲ့ရသူများလည်း မျက်နှာငယ်ရန် မလိုအပ်တော့သလို ဘာသာရပ် ပြောင်းလဲဖြေဆိုခွင့်ရရှိသော အခြေခံပညာတွင်မရှိသည့် လေးဘာသာသမားများအတွက်လည်း မျှတသည်ဟု ထင်မြင်ယူဆပါသည်။

လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်မှ အသံများကို နားထောင်မိ၍ ဤသို့ဆန္ဒ ဖြစ်ပေါ်မိခြင်းဖြစ်ပါသည်။
ပြောင်းလဲဖြေဆိုခွင့်ရသော အထူးပြုမေဂျာသမားများအနေဖြင့်လည်း ယခုဆောင်းပါးအပေါ် စိတ်မကွက်စေလိုပါ။ အခြားဝိဇ္ဇာပညာဘာသာရပ်အထူးပြုဖြင့် ဘွဲ့ရသူများကိုလည်း တန်းတူညီမျှအခွင့်အရေး ရစေချင်ရုံသက်သက်မျှသာလျှင် ဖြစ်ပါသည်။ ကြားနေရသော အသံများနှင့် အခွင့်အရေးတန်းတူရသင့်တာကို တွေးကြည့်ရုံမျှသာ ဖြစ်ပါသည်။အပြစ်မမြင်ဘဲ အတွေးတူစွာ ထောက်ခံနိုင်စေလိုပါသည်။

Written by ငြိမ်းသဇင် (ပညာရေး)

Leave a Reply