မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ စက်မှုဝန်ကြီးဌာန ဘီးလင်းစက်မှုအရက်ပြန်ထုတ်လုပ်ရေး ကုမ္ပဏီလိမိတက်၏ စက်မှုသုံး အရက်ပြန်စက်သည် စက်မှုမှတ်ပုံတင်ထားခြင်းမရှိခြင်းနှင့် သဘာဝပတ်ဝန်းကျင်းဆိုင်ရာ ဆန်းစစ်ချက်အရ IEE, EIA, SIA, EMP တို့နှင့် အညီဆောင်ရွက်ထားမှုမရှိသဖြင့် မေလ ၅ ရက်နေ့က စက်ရုံလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရမှ ညွှန်ကြားထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

“စက်ရုံထဲက စွန့်ပစ် ရေဆိုးတွေအတွက် တိတိကျကျ လုပ်ထားတာ ဘာမှမရှိဘူး၊ ပတ်ဝန်းကျင် သောက်သုံးရေ စီမံချက်ထိခိုက်မှု အစီရင်ခံစာကို သူတို့ လုပ်ဆောင်ရမယ်။ စွန့်ပစ်ရေတွေကြောင့် အခက်ကြုံနေရတဲ့ အဲဒီဒေသခံတွေအတွက် သောက်သုံးရေတွေ ဒီတစ်လ နှစ်လကတော့ လှူဒါန်ပေးသွားမယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

မွန်ပြည်နယ် လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီအနေဖြင့် စက်ရုံမှ ထွက်ရှိလာသည့် အနံ့ဆိုးများ၊ အမှုံအမွှားများနှင့် ရေဆိုးများကို ဘီလင်းမြို့သူမြို့သား ထပ်မံ မခံစားစေချင် သောကြောင့် စက်ရုံနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းပြီး အသေးစိတ်ပါသည့် အစီရင်ခံစာ တစ်စောင်ဖြစ်လာစေရန် ဆောင်ရွက်နေပြီး ယင်းအစီရင်ခံစာကို လွှတ်တော်ကနေတစ်ဆင့် အစိုးရထံ ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

“ကျွန်တော်တို့က အရေးပေါ် လုပ်ဆောင်ရမယ့် အချက်တွေ၊ ရေတိုရေရှည် လုပ်ဆောင်ရမယ့် အချက်တွေကို အားလုံးညှိနှိုင်း တိုင်ပင်ပြီးတော့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကနေတဆင့် ပြည်နယ်အစိုးရထံကို အစီရင်ခံစာ တင်ပြပေးခဲ့ပါတယ်။ ဒါကို ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ချက်ချင်း အရေးတယူ ဆောင်ရွက်ရမယ့် အခြေအနေမျိုး ဖြစ်တယ်လို့ သုံးသပ်ပြီးတော့ အခုလိုဆောင်ရွက်ခဲ့တာလို့ မြင်ပါတယ်”ဟုု ၎င်းက ဆိုသည်။

အင်းဝန်းကျင်ရှိ ရပ်ကွက်၊ ကျေးရွာများသည် ရေဆိုး၏ အနံ့များ ရှုရှိုက်မသည့်အတွက် အော့အန်ခြင်း၊ မူးဝေခြင်းများကို ဒေသခံပြည်သူများက ခံစားနေရသည့်အပြင် စွန့်ပစ်ရေဆိုးများက မြေကြီးထဲသို့ စိမ့်ဝင်မှုကြောင့် မြေများပျက်စီးသွားပြီး လယ်ယာမြေများ၊ ခြံမြေများ၊ စိုက်ပျိုးမရသည့် အခြေအနေထိ ဖြစ်နေကြောင်း ကန်သာယာရပ်ကွက် အင်းဝိုင်းကုန်းအပိုင်းနေ ဒေသခံပြည်သူများထံမှ သိရသည်။

“အခုလို စက်ရုံကို ပိတ်ကာ နောက်တောင်ကျနေပြီး။ ဘာ့ကြောင့်လည်းဆိုတော့ ကန်ဘဲ့အင်းကြီးဆိုရင် လုံးဝပျက်ဆီးသွားပြီး”ဟု ကန်သာယာရပ်ကွက် အင်းဝိုင်းကုန်းအပိုင်းနေ ဒေသခံပြည်သူတစ်ဦးက ရှင်းပြသည်။

စက်ရုံ ပြန်လည်ဖွင့်လှစ်မည်ဆိုပါက IEE, EIA, SIA, EMP တို့နှင့်အညီ ဆောင်ရွက်ပြီးစီးမှုကို ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြန်ရန် ဆုံးဖြတ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ အကြောင်းကြားစာတွင် ပါရှိသည်။

Written by – ရွှေရိုး

Leave a Reply