ဘီးလင်းသကြားရုံတွင် တစ်ရက် တန် ၃၀၀ ကြိတ်ဝါးထုတ်လုပ်နိုင်သော သကြားစက်အသစ်တည်ဆောက်၍ စမ်းသပ်လည်ပတ်

မော်လမြိုင်၊ မတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ မူလက တစ်ရက် တန် ၁၅၀၀ ကြိတ်ဝါးနိုင်သည့် ဘီးလင်းသကြားစက်ရုံတွင် တစ်ရက်လျှင် တန် ၃၀၀ ကြိတ်ဝါးထုတ်လုပ်နိုင်သော သကြားစက်အသစ်ဆောက်လုပ်ပြီး စမ်းသပ်လည်ပတ် လျက်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မတ်လ ၂၆ ရက်က ကျင်းပသည့် နဝမအကြိမ် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး(တတိယ)မြောက်နေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦးက သကြားစက်ရုံ၏ ရှေ့လုပ်ငန်းစဉ်များ၊ လက်ရှိသကြားစက်ရုံလည်ပတ်နိုင်ခြင်းရှိ/မရှိ၊ ကြံစိုက်ပျိုးမြေလျာထားချက် စသည့်အချက်များအား မေးခွန်းမေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဘီးလင်းသကြားစက်က မူလက ၁၅၀၀ တန် ကြိတ်ဝါးနိုင်သော စက်ရုံမှာ နှစ် ၅၀ ကျော်သက်တမ်းရှိပြီး လည်ပတ်ထုတ်လုပ်နိုင်ခြင်း မရှိ၍လည်းကောင်း၊ ဒေသခံကြံတောင်သူများ ကြံစိုက်ပျိုးမှုလျော့နည်းလာ၍ လည်းကောင်း၊ ယခုအခါ တစ်ရက်လျှင်တန် ၃၀၀ ကြိတ်ဝါးထုတ်လုပ်နိုင်သော သကြားသစက်အား အသစ်တည်ဆောက်၍ ယခုနှစ် မတ်လ ၃ ရက်နေ့မှ စတင်ကာ စမ်းသပ်လည်ပတ်လျက်ရှိပါတယ်” ဟု ဦးမင်းထင်အောင်ဟန် ကပြောကြားသည်။

တန် ၁၅၀၀ သကြားစက် လည်ပတ်ထုတ်လုပ်မည်ဆိုပါက ကြံဧက ၁၀၀၀၀ ခန့်လိုအပ်မည့်ဖြစ်ပြီး၊ လက်ရှိ သကြားစက်အတွက် ကြံဧက ၃၀၀၀ ခန့်လိုအပ်မည်ဖြစ်၍ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ် တို့တွင် ကြံစိုက်ပျိုးနိုင်ရေးလျာထားဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံနှင့် ကြံစိုက်တောင်သူတို့ကြား နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုထားရှိပြီး စက်ရုံအပိုင်းမှ ထွန်ယက်ရေး၊ ကြံမျိုးနှင့် ဓါတ်မြေသြဇာပံ့ပိုးရေးတို့အား အတိုးမဲ့ ပံ့ပိုးစရိတ်ကျခံပေးပြီး ထွက်ရှိသည့် ကြံသီးနှံအား စက်ရုံသို့ပြန်လည်ပေးသွင်းရန် နှင့် ကြံအားလုံး ပြန်လည်ဝယ်ယူမည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းချုပ်ဆိုထားရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဘီးလင်းသကြားစက်ရုံ ငှားရမ်းခအနေဖြင့် တစ်နှစ်လျှင် ကျပ် ၂၅ သိန်း နိုင်ငံတော်မှ ရရှိသည့်အပြင် လည်ပတ်ထုတ်လုပ်၍ မရသောစက်ရုံအား ပြန်လည်အသက်သွင်းခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်း၊ ဒေသခံတောင်သူများ ယှဉ်ပြိုင်သီးနှံအဖြစ် ကြံသီးနှံ အားရွေးချယ်စိုက်ပျိုးလာနိုင်ခြင်း၊ စိုက်ပျိုးမြေအသုံးချနိုင်မှုကြောင့် အကျိုးကျေးဇူးများ ရရှိနိုင်ခြင်း၊ ပြည်ပအစားထိုး ပြည်တွင်းထုတ်ကုန် တိုးတက်ထုတ်လုပ်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိလာကြောင်း ဦးမင်းထင်အောင်ဟန်က ဆိုသည်။

ဘီးလင်းသကြားစက်ရုံအား ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးမူဝါဒအရ ၂၀၁၁ ခုနှစ်တွင် ရွှေသံလွင်ကုမ္ပဏီသို့ ငှားရမ်းခဲ့ပြီး ယင်းကုမ္ပဏီလက်ထက်တွင် ကုန်ကြမ်းကြံရရှိမှုနည်းပါးခြင်း၊ စက်ရုံနှင့် စက်ပစ္စည်းများ၏ သက်တမ်းကြားမြင့်သည့်အတွက် ပျက်စီးယိုယွင်းခြင်းဖြစ်ပေါ်မှုများပြားခြင်းတို့ကြောင့် စက်ရုံအားရပ်နားခဲ့ရပြီး ၂၀၁၁-၂၀၁၂ ခုနှစ်ကြံရာသီတွင် ကြိတ်ဝါး ကြံတန် ၁၂၇၀၀ ခန့်သာထွက်ရှိခဲ့သည်။

အဆိုပါ ဘီးလင်းသကြားစက်ရုံအား Super One ကုမ္ပဏီလီမိတက်မှ တစ်နှင်လျှပ် ကျပ် ၂၅ သန်း နှုန်းဖြင့် ၃၀ နှစ် ငှားရမ်းထားကြောင်း သိရသည်။

Written by ရွှေရိုး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်