ကျိုက်ထို၊ ဖေဖော်ဝါရီ ၉ ။ ။ မွန်ပြည်နယ် ၊ဘီလင်းမြို့နယ် မရမ်းကုန်းကျေးရွာတွင် မော်လမြိုင်မှ နေပြည်တော်သို့ ထွက်ခွာလာသော အမှတ် (၁၈) အစုန်ရထားနှင့် မရမ်းကုန်းကျေးရွာနေ ယာဉ်မောင်း ဦးဝင်းမြင့်မောင်းနှင်လာသော တိုယိုတာဟိုင်းလတ် ယာဉ်တို့ တိုက်မိ ၍ အဆိုပါ မော်တော်ယာဉ် ပေါ်လိုက်ပါ လာသော အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း မရမ်းကုန်း ဘူတာရုံပိုင် ဦးအေးအောင်စိုးက ပြောကြားသည်။

ယင်းရထား နှင့် ဟိုင်းလတ်ယာဉ်သည် ဖေဖေါ်ဝါရီ ၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်က တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယာဉ်မောင်း ဦးဝင်းမြင့် မောင်းနှင်လာသည် တိုယိုတာအမျိုးအစား ဟိုင်းလတ် အနက်ရောင်ယာဉ် ၏ ဦးခေါင်း ပိုင်းနှင့် ရထားတိုက်မိ၍ မော်တော်ယာဉ်၏ ဦးခေါင်းဝဲဘက်ခြမ်း ပျက်စီးပြီး ယာဉ်ပေါ်လိုက်ပါသူ လေးဦး ဒဏ်ရာရရှိကာ ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ ကျေးရွာနေပြည်သူများထံမှ သိရသည်။
IMG_20160209_104315
ဟိုင်းလတ်ယာဉ်ပေါ်လိုက်ပါသူ မရမ်းကုန်းကျေးရွာနေ ဒေါ်ခင်ဝင်းသည် ယာဉ်ပေါ်မှ ရထားလမ်းပေါ်သို့ လွင့်စင်ပြုတ်ကျသည့် အရှိန်ဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျိုက်ထိုပြည်သူဆေးရုံမှ ရန်ကုန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းမှ ကိုစိုးသီဟက ပြောသည်။

အဆိုပါ ရထားလမ်းကူးသည် တရားမဝင်လမ်းကူးဖြစ်ပြီး ဂိတ်စောင့်မရှိကြောင်း ရထားပေါ်လိုက်ပါလာသူ တာဝန်ကျလုံခြုံရေး ဦးဝင်းထိန်က ဆိုသည်။

အမှတ် (၁၈) အစုန်ရထား မှာ ပျက်စီးမှုမရှိပဲ မိနစ်၂၀ ခန့်နောက်ကျ၍ နေပြည်တော်သို့ ဆက်လက်ထွက်ခွာ သွားကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

ရထားနှင့် တိုယိုတာဟိုင်းလတ်ယာဉ်တိုက်မိမှုကြောင့် ယာဉ်မောင်းဦးဝင်းမြင့်အား ယာဉ်မဆင်မခြင် မောင်းနှင် မှုဖြင့် မရမ်းကုန်းဘူတာရုံပိုင် ဦးအေးအောင်စိုးမှ တောင်စွန်းနယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းရဲစခန်းထံ သိရသည်။

(ဓါတ်ပုံအညွှန်း – ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာတွင် မော်လမြိုင်မှ နေပြည်တော်သို့ ထွက်ခွာလာသော အမှတ် (၁၈) အစုန်ရထားနှင့် တိုယိုတာဟိုင်းလတ်ယာဉ်တိုက်မီစဉ်)

Leave a Reply