Advertisements

မော်လမြိုင်၊ အောက်တိုဘာ

နွေစပါး စိုက်ပျိုးရေးအတွက် အရေးကြီးသော ဘီးလင်းမြစ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ဘတ်ဂျက်ခွဲဝေမှုရရှိပါက အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။

စက်တင်ဘာ ၂၄ ရက်က ကျင်းပခဲ့သော မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ ဘီးလင်းမြစ်လျှပ်စစ်မြစ်ရေတင်နွေစပါးစိုက်ပျိုးရေးစီမံကိန်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် ပညာရှင်များဖြင့် လေ့လာဆန်းစစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းစဉ်ဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘီးလင်းမြစ်တစ်လျှောက် နွေစပါးစိုက်ပျိုးရေးစီမံကိန်းက အမှန်တကယ် အကျိုးရှိတယ်ဆိုတာသိပါတယ်၊ ကျွန်တော်တို့မှာလိုတာက ဘတ်ဂျက်ရရှိနိုင်ဖို့ပါပဲ၊ ခန့်မှန်းကုန်ကျမယ့် သိန်းရှစ်ရာပြည်နယ်အစိုးရ ဘတ်ဂျက်ထဲကရရှိပါကအမြန်ဆုံးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မြစ်ရေတင် စီမံကိန်းကိုဆောင်ရွက်ပေးခြင်းအားဖြင့် ဘီးလင်းမြစ်တစ်လျှောက် မူလစိုက်ပျိုးထားသော နွေစပါးစိုက်ဧက ၇,ဝဝဝ အပြင် တိုးချဲ့နွေစပါး ဧက ၄၀၀၀ ကျော်ကိုပါ ထပ်မံစိုက်ပျိုးနိုင်ခြင်းကြောင့် တောင်သူများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။

ယင်းလျှပ်စစ်မြစ်ရေတင် စီမံကိန်းအောင်မြင်နိုင်ရန်အတွက် မြေပြင်တွင် ပဏာမလေ့လာဆန်းစစ်မှု၊ အကြိုဖြစ်မြောက်နိုင်စွမ်းနှင့် ဖြစ်မြောက်နိုင်စွမ်းအဆင့်တွင် စီမံကိန်းဆိုင်ရာ အချက်အလက်များကို အသေးစိတ်လေ့လာတိုင်းတာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မေးခွန်းရှင် ဒေါက်တာ ခင်နိုင်ဦးက အဆိုပါမြို့နယ်တွင် သီးထပ်နွေစပါး ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်အတွက် ပြည်နယ်အစိုးရဘတ်ဂျက်၏ တခြားကဏ္ဍအသုံးစရိတ်ထဲမှ ခွဲဝေပေးစေချင်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply