မော်လမြိုင် မတ်
ဘီးလင်းမြို့နယ်တွင် အဝေးပြေးယာဉ် ရပ်နားစခန်း၊ ဘောလုံးကွင်းမြေနှင့် ဇုတ်သုတ်စားကျက်မြေ ထုတ်နုတ်ခွင့် ရရှိရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်နယ် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦး၏ မေးမြန်းခြင်းကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဘီးလင်းမြို့နယ်၏ လိုအပ်ချက်ဖြစ်သော အဝေးပြေး ယာဉ်ရပ်နားစခန်း မြေနေရာကို ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၁၄-s)သောင်ကြီး ကျောက်ဆောင်တောင်ကွင်းရှိ ဘီးလင်းသကြားစက်ရုံအား အမှတ်(၁)စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ထားသည့် မြေဧရိယာအတွင်း သတ်မှတ်ထားကြောင်း ဦးထွန်းဌေးက ဆိုသည်။
ထို့ပြင် ဘောလုံးကွင်း မြေနေရာသည် ဘီးလင်းမြို့ ဘိုးလှကြီးရပ်ကွက်၊ အကွက်အမှတ်(၄-ခ)၊ မြေကွက်အမှတ်(၁၁၂)ကို ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး ဌာန၏ (၁၅-၇-၁၉၇၂)နေ့စွဲပါ ကြော်ငြာစာအမှတ် (၄၄၂)ဖြင့် ဘီးလင်း မြို့မြေအဖြစ် သတ်မှတ်သော ဘိုးလှကြီးရပ်ကွက်အတွင်းရှိ မြို့မြေအတွင်းလျာထားပါကြောင်း ၎င်းက ပြောသည်။
ထို့နောက် ဇုတ်သုတ် စားကျက်မြေ ပယ်ဖျက်ပေးရန် တင်ပြထားသော (၃၈)ဧက မှာ စက်မှုကုန်ကြမ်းဌာနမှ နိုင်ငံတော်သို့ ပြန်လည်အပ်နှံမည့် စားကျက်မြေ(၂၅၄.၉၂)ဧကအတွင်း ပါဝင်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၈-၁၂-၂၀၁၈)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၈၂၃/၂၀၁၈)ဖြင့် နိုင်ငံတော်ပိုင်မြေ(State Land)အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း ၎င်းကဖြေကြားသည်။
ယင်း ကိစ္စများ ကြန့်ကြာနေခြင်းအား အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန်အတွက် လွှတ်တော်ပြီးသည်နှင့် တစ်ပြိုင်နက် လုပ်ဆောင်နေသည့် ဌာနများကို ခေါ်ယူပြီး တွန်းအားပေးကာ အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
တေဇ
Leave a Reply