“နင်ဟာ ငါ့ကောင်းကင်တစ်ခုပါ…..အတူနေဖို့ ဘယ်လောက်ထိဝေးရမလဲ၊ အတူပျော်ဖို့ဘယ်လောက်ထိ ခွဲရမလဲ…”ဆိုသည့် အချစ်သီချင်းအေးအေး၊ အသံအေးအေးနှင့် ပူစူးက ပရိသတ်နှင့်အလှမ်းကွာဟနေခဲ့ရာမှ တတိယတစ်ကိုယ်တော်တေးစီးရီးနှင့် ပြန်ထွက်လာခဲ့ပြီဖြစ်သည်။ သီချင်းပုံစံ၊ ဆိုဟန်၊ ဂီတ အရာရာပြောင်းလဲမှုများနှင့် ပေါ်ထွက်လာသည့် ပူစူးက စီးရီး title ကိုလည်း ထူးထူးခြားခြား ပေးထားသည်က “ဘုရားစူးအဆိုတော်“ဟု..။ ဘုရားစူးအဆိုတော်ပူစူးနှင့် ဟင်္သာတို့တွေ့ဆုံမှုတွင်…..။

ဟင်္သာ – ပူစူးရေ ဘုရားစူးအဆိုတော်လို့ ကျိန်ဆိုနေရပြီလား။
ပူစူး: : ကျွန်တော်က အဆိုတော်ဆိုရင် အကြောင်းအရာလည်းကိုယ်တိုင်ဖန်တီး၊ အကုန်လုံးလုပ်တာမျိုး
အဲဒီလိုရှိချင်တာလေ။ အကုန်မလုပ်နိုင်ဘဲနဲ့ဖြစ်တော့ ဘုရားစူး အဆိုတော်ပေါ့နော်။

ဟင်္သာ – သီချင်းက အဆိုတော်တွေကို ရည်ရွယ်တာလား၊ ကိုယ့်ကိုယ်ကိုလား။
ပူစူး: : အဆိုတော်တွေအကုန်လုံးကို ရည်ရွယ်တာပေါ့နော်။ ကျွန်တော်တို့ဆီက အဆိုတော်တွေကိုရေးတယ်လို့ မဟုတ်ဘူးပေါ့နော်။ တစ်လောကလုံးကရှိသမျှ အဆိုတော်အားလုံးပေါ့။

ဟင်္သာ – music ကရော ဘယ်အမျိုးအစားလဲ။ စာသားက သရော်ဟန်လား။
ပူစူး: :music ကတော့ hard rock လေးပါပဲ။ စာသားကတော့ ဥပမာ တစ်ချို့ showတွေမှာ ပရိသတ်ကနည်းပြီး အဆိုတော်က အများကြီးလေ။ ကမောက်ကမလေးတွေပေါ့။ အဲဒါလေးတွေကိုလည်း သရော်ပြီး ရေးထားတာပါတယ်။ တစ်ခွေလုံးဆိုရင်တော့ ၁၀ ပုဒ်ပါတယ်။ အရင်ရှေ့ကထွက်ခဲ့တဲ့ နှစ်ခွေနဲ့တော့ လုံးဝမတူတော့ဘူး။ အရင်က ကျွန်တော်က slowလေးတွေ ဆိုတာများတယ်။ ဒီအခွေမှာကအသွက်တွေကြီးပဲ။ ဒါမျိုးတွေ လုပ်ချင်နေတာကြာပြီ။ စွန့်ပြီး လုပ်လိုက်တာပါ။ သေချာလုပ်ထားတယ်။ ဆိုလိုတာက တစ်ပုဒ်ရေး၊ ပြီးရင် ချက်ချင်းပြီးအောင်တီး၊ ဒီအခွေဆိုရင် band နဲ့တောင် မတည်ရသေးဘူး၊ သီချင်းဆယ်ပုဒ်လုံး တည်ပြီးသွားပြီ။ အကုန်လုံး program နဲ့တည်ပြီးသားတွေ။ band ကိုအပ်တော့လည်း အဲဒီအတိုင်းပဲတီးခိုင်းတာ။ အချိန်အတော်ယူခဲ့ရတယ်။ အဲဒီအချိန်တုန်းကဘာဖြစ်လဲမသိဘူး၊ သီချင်းကလုပ်တိုင်းရလိုက်တယ်။ ခုကျတော့လည်းလုပ်တာမရတော့ဘူး။

ဟင်္သာ – ဒီအခွေနဲ့ ဒီသီချင်းတွေက ပူစူးဂီတသက်တမ်းကို ဆုံးဖြတ်ပေးမယ့်သီချင်းခွေလား။ ပရိသတ်အတွက် ဘယ်လိုသီချင်းတွေဖြစ်လာမလဲ။
ပူစူး: :ဒီအခွေက ကျွန်တော်အရမ်းလည်း ယုံကြည်တယ်။ အားကိုးတယ်ပေါ့နော်။ တည်ဆောက်ပုံကအစ သေချာလုပ်ထားတယ်။ ကော့ဒ်ဆိုလည်းအချိန်းတွေများတယ်။ တော်တော်ကြို:ကြို:စားစားလုပ်ထားတဲ့ အခွေဆိုတော့လေ ကျွန်တော့်အတွက် မှတ်တိုင်လေးတစ်ခုဖြစ်မယ်လို့ ယုံတယ်။ အရမ်းလည်းအားရတဲ့ အခွေလေးပါ။

ဟင်္သာ – ပရိသတ်နဲ့အနုပညာရှင်ဆိုတာ အဆက်မပြတ်ထိတွေ့နေမှလေ။ ပူစူးက ဒီအခွေမတိုင်ခင် ငြိမ်နေ၊ ပျောက်နေခဲ့တယ်ဆိုတော့ ဒီအခွေနဲ့ပြန်ထိတွေ့မှုမှာ နည်းနည်းစိုးရိမ်နေလား။
ပူစူး: :ဟုတ်။ဒီကြားထဲမှာ ကျွန်တော် တော်တော်ကြာကြာလည်း ပျောက်သွားတယ်ပေါ့။ မလုပ်ဖြစ်တာပေါ့။ ပျင်းနေတာ။ အခုကျွန်တော်က သီချင်းတွေအများကြီးနဲ့ ပြန်လုပ်တာပေါ့။ အရင်ကထက်တော့ ပိုကြိုးစားရလိမ့်မယ်ထင်ပါတယ်။

ဟင်္သာ – ဘုရားစူးအဆိုတော် သီချင်းပိုင်ရှင် ပူစူးကရော ဘယ်လိုအဆိုတော်မျိုးလဲ။
Ans: :ဘယ်လိုပြောရမလဲ။ ဒီအခွေလုပ်မှလည်း ကိုယ့်ကိုယ်ကို သတိထားမိတာပေါ့နော်။ ကိုအောင်ကိုမြင့်လည်းပြောတယ်။ မင်းတို့ကသီချင်းဆိုချင်လို့ အဆိုတော်လုပ်တာမှမဟုတ်တာတဲ့။ သီချင်းလုပ်ချင်လို့ကိုလုပ်နေတာတဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ သီချင်းကို မဖြစ်လို့သာဆိုရတာ။သီချင်းကို
ဖန်တီးလိုက်ချင်တာ အစ အဆုံးပေါ့နော်။

“ပူစူး က အရင်ကထက်တော့ ရင့်ကျက်သွားတာပေါ့နော်။ အရင်ကကျွန်တော်ကအသဲကွဲသီချင်းတွေပဲများတယ်။ ခုတော့အကြောင်းအရာကအစ၊ သံစဉ်ကအစတည်ငြိမ်သွားတယ်။ ရူးသွပ်မှုခြင်း မတူတော့ဘူး။ ငယ်ငယ်ကတော့ ရူးသွပ်တာ ပိုသာတာပေါ့။” ဟုလည်းဆိုပါသည်။

Leave a Reply