Advertisements

ဘားအံ ၊ နိုဝင်ဘာ

ဘုရားသုံးဆူမြို့နယ်တွင် ကျင်းပမည့် ကရင်သက္ကရာဇ် ၂၇၅၇ခုနစ်၊ အကြိမ်၈၀မြောက် ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် ကရင်တိုင်းရင်းသားခေါင်းဆောင် စောဘဦးကြီး၏ ရုပ်တု စိုက်ထူရန် စီစဉ်ထားခြင်းအပေါ် နယ်မြေခံတပ်ရင်းက နိုဝင်ဘာ ၁၄ ရက်တွင် ငြင်းဆိုပြီးနောက် ပွဲကျင်းပရေးကော်မတီက ကရင်ပြည်နယ်အစိုးရထံ လာရောက်၍ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းမြို့၊ကရင်စုရပ်ကွက်၊ နှစ်သစ်ကူးကွင်းတွင် အောက်ခြေ ၂၅ပေ ပတ်လည် အကျယ်၊ အမြင့် ၉ပေ ရှိ ရုပ်တုကို အမှတ်တရ စိုက်ထူရန် အလှူရှင်များ၊ ပွဲကျင်းပရေးကော်မတီဝင်များ၊ KNU အပစ်ရပ် လက်နက်ကိုင်ခေါင်းဆောင်များ အစည်းအဝေးကျင်းပ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းအပေါ် နယ်မြေခံ ခလရ(၉၇) တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး အောင်ဆန်းဝင်းနှင့်အဖွဲ့က နိုဝင်ဘာ ၁၄ရက်တွင် ဘုရားသုံးဆူ KNU ဆက်ဆံရေးရုံးသို့ လာရောက်၍ ရုံးတာဝန်ရှိသူများ၊ နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ ညွန်ကြားချက်အရ ခွင့်မပြုနိုင်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ လာရောက်တားမြစ်ပြီးနောက်ပိုင်း နိုဝင်ဘာ၂၃ရက်နေ့တွင် ပွဲကျင်းပရေးကော်မတီက ပြည်နယ်အစိုးရ
အဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးများထံ လာရောက်တင်ပြခဲ့ခြင်း ဖြစ်သည်။

“ပြည်နယ်အစိုးရရုံးက တာဝန်ရှိသူတွေ၊ ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်ဆီကို ခွင့်ပြုပေးရန် တင်ပြတောင်းဆိုခဲ့တယ်။ ဝန်ကြီးတွေကလည်း အစိုးရအဖွဲ့အစည်းအဝေးမှာ တာဝန်ရှိသူတွေနဲ့ တင်ပြ တိုင်ပင်ဆွေးနွေးမယ်။ နောက်ပြီး KNUလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးကြမယ်လို့တော့ သိရတယ်။ ကျွန်တော်တို့ကတော့ ကရင်ခေါင်းဆောင်ကြီးရုပ်တုကို ကရင်နယ်မြေမှာ တလေးတစား အမှတ်တရ စိုက်ထူချင်ပါတယ်”ဟု ပွဲကျင်းပရေးကော်မတီ၊ တွဲဘက်အတွင်းရေးမှူး စောအယ်ဒါးက ပြောသည်။

နောက်လ ဒီဇင်ဘာ ၁၉ရက်တွင် ကျရောက်မည့် နှစ်သစ်ကူးပွဲတော်၌ ဂုဏ်ပြုစိုက်ထူရန် လျာထားသည့် အဆိုပါရုပ်တုမှာ ယခုအခါ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ လာရောက်တားမြစ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ကရင်စာပေ၊ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောအေးမြက “ကျွန်တော်တို့အရွယ်နဲ့ဆို စောဘဦးကြီးဆိုတာ အဖူး(အဖိုး)တော်မှာပေါ့။ တစ်ချိန်တုန်းက တော်လှန်ရေးခေါင်းဆောင်ဟုတ်သလို ပြည်ထောင်စုအစိုးရမှာလည်း ဝန်ကြီးတစ်ပါးဖြစ်ခဲ့တဲ့သူပါ။ ဒီလိုလူမျိုးတစ်ယောက်ရဲ့ ရုပ်တုကိုပဲဖြစ်ဖြစ်၊ သူ့အကြောင်းအရာတွေကို ဖျောက်ဖျက်ချင်တယ်ဆိုတဲ့ ပုံမျိုးကတော့ တိုင်းရင်းသားတွေအတွက် မကောင်းဘူးပေါ့။ သူသည် အကြမ်းဖက်သမားသက်သက်ဆိုရင်တော့ တစ်မျိုးစဉ်းစားပေါ့နော်။ ဒါကတော့ မဖြစ်သင့်ပါဘူး”ဟု ပြောဆိုသည်။

Written by ရာဟု(ဖားအံ)

Photo from – democracy for bruma

Leave a Reply