Advertisements

မော်လမြိုင် သြဂုတ် 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးနှင့်အတူ သြဂုတ် ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ အမှတ် (၂)ရပ်ကွက်၊ ဥဒေါင်းကန် (၉) လမ်းရှိ ကိုကျော်လင်းထွန်း(ခ)အငယ်ကောင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ပလပ်စတစ်အိတ် အကြည်ဖြင့် ထုပ်ပိုးထားသော၊ မူးယစ်ဆေးဝါး (ICE) ဟုယူဆရသည့်အဖြူရောင်အစိုင်အခဲအကြေမှုန့် (၄)ထုပ်၊ စုစုပေါင်းအလေးချိန် ၃၂၇.၅၂ဂရမ်ကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ကိုကျော်လင်းထွန်းနှင့် ဇနီးဖြစ်သူတို့ ထွက်ဆိုချက်အရ ကွင်းဆက်အဖြစ် ISUZUအမျိုးအစားယာဉ်နှင့် ယာဉ်မောင်း စောထူးကို၊ ကိုဝင်းအေး (ခ) အာဒစ်၊ အချွန်းလ်(ထိုင်းနိုင်ငံသား)တို့ကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ခေါ်ဆောင်၍ ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေး ၅၂၅၂ ပြား၊ ICEဟုယူဆရသည့်အဖြူရောင် (၁၀၀၃) ဂရမ် အစိုင်အခဲတစ်တုံး၊ J2Prime Samsaung အမျိုးအစား ထိုင်းဆင်းကတ်ပါ ရွှေရောင်လက်ကိုင်ဖုန်းတစ်လုံး၊ မူးယစ်ရောင်းချငွေဟု ယူဆရသောမြန်မာငွေရောရာ ၁၁၉,၁၀၀ ကျပ်၊ ထိုင်းငွေရောရာ၂,၅၀၀ဘတ်တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့အပြင် (BERETTA made in Italy) စာတမ်းပါအနက်ရောင်(၉)မမ ပစ္စတို (၁)လက်၊ ကျည်အိမ် (၁)ခု၊ ကျည် (၁၆) တောင့်တို့ကို ယာဉ်မောင်းစောထူးကိုထံမှ ထပ်မံရှာဖွေသိမ်းဆည်းရမိကြောင်း၊ ကိုဝင်းအေး၏ ထွက်ဆိုချက်အရ မူးယစ်ဆေးသယ်ဆောင်ရောင်းချရာတွင်အသုံးပြုသည့် ထိုင်းအက္ခရာ ၆၄၄ ငွေခဲရောင်၊ ချက်ပလက်အမျိုးအစား ယာဉ်ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိခဲ့သူ ဖော်ပြပါ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဘုရားသုံးဆူနယ်မြေရဲစခန်းမှ မယ (ပ) ၆/၂၀၁၈၊ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)/ ၂၀(က)/ ၂၂(ခ)/ ၂၁ အရ အမှုဖွင့် အရေးယူထားသည်။

ခေတ်မင်း

Advertisements
<

Leave a Reply