Advertisements

စန္ဒာဉာဏ်/ Myanmar Now

တိုက်ပွဲဖြစ်ပွားသည့် နေ့မှစပြီး နယ်စပ်ဂိတ်မှတဆင့် ဆိုင်ကယ်နှင့်ကားများ ဝင်ထွက်ခြင်းကို နှစ်နိုင်ငံလုံးက ပုံမှန်ထက်ပိုသည့် စစ်ဆေးမှုများ ပြုလုပ်နေပြီး ထိုင်းဘက်သို့ ပုံမှန်အလုပ်ဆင်းနေသော အလုပ်သမားများ နှင့် အရပ်သားများကိုတော့ သွားလာခွင့် ပြုထားသည်ဟု ဆိုသည်။

မြန်မာ – ထိုင်း နယ်စပ် ဘုရားသုံးဆူဒေသတွင် ပစ်ခတ်သံများ ထပ်မံကြားခဲ့ရပြီးနောက်ထိုင်းနိုင်ငံရောက် စစ်ရှောင်များပြန်လာရေးအတွက် အခက်တွေ့နေကြောင်း ဒေသခံများ နှင့် ထိုင်းအခြေစိုက် လူမှုကူညီရေး လုပ်သူများကပြောသည်။

Advertisements
data-language="en"

သုံးရက်ခန့် သေနတ်သံတိတ်ပြီးနောက် ဒီဇင်ဘာ ၁ ရက် ယမန်နေ့ ည ၁၁ နာရီကျော်တွင်ဂျပန်ရေတွင်းရွာအနီးမှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ဘုရားသုံးဆူမြို့မှအတိုင်းသားကြားခဲ့ရသည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးကပြောသည်။ ပစ်ခတ်သံများသည် နာရီဝက်နီးပါး ကြာမြင့်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

နိုဝင်ဘာ ၂၇ က မွန်ပြည်သစ်တပ် နှင့် မြန်မာ့တပ်မတော်ကြား ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက ဒေသခံ ၁,၀၀၀ ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားရခြင်းဖြစ်သည်။ ၎င်းတို့သည် ဂျပန်ရေတွင်း၊ ကြံတောနှင့် တပ်ရင်းသုံး ရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ၊ စံခလပူရီမြို့ရှိ ဘုန်းကြီးကျောင်းများက ၎င်းတို့ကို ယာယီနေထိုင်ခွင့် ပေးထားသည်။

ယမန်နေ့ညက ဘုရားသုံးဆူမြို့မှ ဒေသခံတစ်ဦး လွှင့်တင်ခဲ့သည့် Facebook Live တွင်လည်း အတွဲလိုက် သေနတ်ပစ်ခတ်သံများ၊ လက်နက်ကြီးပစ်ခတ်သံများ ကြားနေခဲ့ရသည်။

အဆိုပါပစ်ခတ်မှုသည် မည်သည့်အဖွဲ့များအကြား တိုက်ခိုက်နေကြသည်ဆိုသည်ကိုတော့အတည်မပြုနိုင်သေးပါ။

တိုက်ပွဲဖြစ်ပွားသည့် နေ့မှစပြီး နယ်စပ်ဂိတ်မှတစ်ဆင့် ဆိုင်ကယ်နှင့်ကားများ ဝင်ထွက်ခြင်းကို နှစ်နိုင်ငံလုံးက ပုံမှန်ထက်ပိုသည့် စစ်ဆေးမှုများ ပြုလုပ်နေပြီး ထိုင်းဘက်သို့ ပုံမှန်အလုပ်ဆင်းနေသော အလုပ်သမားများ နှင့် အရပ်သားများကိုတော့ သွားလာခွင့် ပြုထားသည်ဟု ဆိုသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူတစ်ဝိုက်သည် မွန်လက်နက်ကိုင် NMSP၊ ကရင် KNU၊ နယ်ခြားစောင့်တပ်များနှင့် မြန်မာ့တပ်မတော်တို့ လှုပ်ရှားကြသည့် ဒေသဖြစ်ပြီး လက်နက်ကိုင်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းက ဘုရားသုံးဆူမြို့နယ် ထိုင်းနှင့်နယ်စပ် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ကျေးရွာအစွန်တို့၌ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ အကျအဆုံးရှိခဲ့သည်။

Leave a Reply