Advertisements

ဘားအံ အောက်တိုဘာ

ကရင်ပြည်နယ်တွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် ပြည်ပမှ တစ်ခုတို့ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းစတင်မည့်အလားအလာရှိနေသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကရင်ပြည်နယ် ဒေသခံလုပ်ငန်းရှင်တစ်ဦး၏ Saw Trying Company မှ ကျပ်သန်း၇၀၀ကျော်ရင်းနှီးမတည်ကာ စတီးလုပ်ငန်းကို ပြည်နယ်အတွင်း ပထမဆုံးအကြိမ် အရေအတွက် များများ ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ဘားအံစက်မှုုဇုန်တွင် အိမ်အမိုး သွပ်ပြား၊ လက်ရန်း၊ တံခါး၊ ရေစင်စသော ထုတ်လုပ်မည့် စတီးလုပ်ငန်းစက်ရုံဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ မွန်ပြည်နယ် သို့မဟုတ် ကရင်ပြည်နယ်တွင် လျှပ်စစ်ပစ္စည်းစက်ရုံတည်ဆောက်ရန် ထိုင်းနိုင်ငံအခြေစိုက် DATA Electronic Company ၏ ကမ်းလှမ်းချက်ကို လက်ခံထားခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ အောက်တိုဘာ ၄ရက်တွင် သိရသည်။ အောက်တိုဘာ၁၀ရက်နေ့တွင် စက်ရုံတည်ဆောက်နိုင်ရေး မြေပြင်အနေအထားနှင့် လုပ်ငန်းလိုအပ်ချက် ကွင်းဆင်း လေ့လာမှုကို ကုမ္ပဏီဘက်မှ ပြုလုပ်ရန်ရှိကြောင်း အထက်ပါဌာန ပြည်နယ် ဦးစီးမှူး ဦးနိုင်ဝင်းတိုးက ဟင်္သာမီဒီယာကို ပြောသည်။

ရင်းနှီးမြှှုပ်နှံမည့်ပမာဏမှာ ကွင်းဆင်းလေ့လာမှု ပြီးစီးချိန်တွင် အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနက ခုလိုလာရောက်မြှုပ်နှံသူတွေကို သူတို့အတွက် ရပိုင်ခွင့် အခွင့်အလမ်းတွေ အပြည့်အ၀ ပေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သောစက်တင်ဘာလ ၃၀ရက်နေ့ထိ ၂၀၁၈၊ ၆လတာ ကာလတို ဘဏ္ဍာနှစ်၌ ပြည်တွင်းရင်းနှီးမြုပ်နှံမှု ကျပ်သန်း ၂၃၀၀၀ကျော်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတန်ဘိုး ကန်ဒေါ်လာ ၂၃သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

စောအယ်လ်ဒီး

Advertisements
<

Leave a Reply