အမေရိကန်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဟာ သူ့ရဲ့နောက်ဆုံးထုတ်လွှင့် ခဲ့တဲ့တေးအယ်လ်ဘမ်နဲ့အတူ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည် စတင်လာခဲ့တာဖြစ်ပါတယ်။

တေးအယ်လ်ဘမ်မထုတ်လွှင့်မီက အနုပညာလှုပ်ရှားမှုတွေရပ်နားထားပြီး လူမှုကွန်ရက်မီဒီယာတွေနဲ့ပါ အဆက်အသွယ်ဖြတ်ထားခဲ့တဲ့ တေလာဆွစ်ဟာ လတ်တလောမှာတော့ ဗြိတိန်ထုတ် ”Vogue”မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးဓာတ်ပုံကို ရိုက်ကူးပေး ခဲ့တာဖြစ်ပါတယ်။

တေလာဆွစ်အနေနဲ့ မဂ္ဂဇင်းဓာတ်ပုံတွေကို လက်ခံ ရိုက်ကူးပေးခဲ့ခြင်းမရှိတာ နှစ်အတော်ကြာခဲ့ပြီဖြစ်ကာ လတ်တလော မှာမှ ပထမဆုံးအဖြစ် ပြန်လည် ရိုက်ကူးပေးခဲ့တာဖြစ်ကြောင်း အမ်တီဗွီဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ တေလာဆွစ်ရဲ့ တေးအယ်လ်ဘမ် ”1989” မထုတ်လွှင့်မီ တစ်လခန့်အလိုမှာ တေလာဆွစ်ဟာ ”Rolling Stone”မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးဓာတ်ပုံကို ရိုက်ကူးပေးခဲ့ပါတယ်။ ဒါ့အပြင် မဂ္ဂဇင်းကြီးမှာ သူနဲ့ ပရိသတ်တွေ အကြားက ဇာတ်လမ်းအချို့ကိုလည်း ထုတ်ဖော်ပြောကြားကာ ရေးသား ဖော်ပြခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ”၁၉၈၉”တေးအယ်လ်ဘမ်ဟာ ကန်းထရီးတေးသံရှင်တစ်ဦးအဖြစ် အနုပညာလောကအတွင်း စတင် ဝင်ရောက်လာခဲ့တဲ့ တေလာဆွစ်အနေနဲ့ ပေါ့ပ်တေးဂီတဘက်ကို ကူးပြောင်းကာ ပထမဆုံးထုတ်လွှင့်ခဲ့တဲ့ တေလာဆွစ်ရဲ့ ပေါ့ပ်တေး အယ်လ်ဘမ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ယင်းမဂ္ဂဇင်းအင်တာဗျူးမှာတော့ တေလာဆွစ်ရဲ့ ဦးတည်ချက်အသစ်နဲ့ပတ်သက်ပြီး ရေးသားဖော်ပြခဲ့ တာကိုလည်း တွေ့ရပါတယ်။

တေလာဆွစ်ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ် ”Reputation”နဲ့ပတ်သက်ပြီး ပရိုမိုးရှင်းလုပ်ငန်းတွေ စတင်လုပ်ဆောင် လာချိန်ကစလို့ ယင်းတေးအယ်လ်ဘမ်အတွက် ရည်ရွယ်ရိုက်ကူးတဲ့ တေလာဆွစ်ရဲ့ မဂ္ဂဇင်းမျက်နှာဖုံးကို မျှော်လင့်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် တေလာဆွစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ဝ ရက်မှာ တေးအယ်လ်ဘမ်သစ်ကို တရားဝင်ထုတ်လွှင့်ခဲ့သည်အထိ မျက်နှာဖုံး ဓာတ်ပုံရိုက်ကူးခဲ့တာကို မတွေ့ခဲ့ရပါဘူး။

ဒါ့အပြင် တေလာဆွစ်က မျက်နှာဖုံးဓာတ်ပုံရိုက်ကူးသွားမယ့်အကြောင်းနဲ့ မဂ္ဂဇင်းမှာ ဖော်ပြ သွားမယ့် သတင်းဆောင်းပါးနဲ့ပတ်သက်ပြီး တစ်စွန်းတစ်စတောင် ထုတ်ဖော်ပြောကြားခဲ့တာ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက် မှာတော့ တေလာဆွစ်က သူ့ရဲ့ ”Vogue” မဂ္ဂဇင်းမျက်နှာဖုံးရိုက်ကူးခဲ့ ကြောင်း ရုတ်တရက်ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့လူမှုကွန်ရက်မီဒီယာပေါ်ကနေတစ်ဆင့် တေလာဆွစ်က သူ့ရဲ့မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံကို ထုတ်ဖော်ပြသလာခဲ့တာဖြစ်ပါတယ်။ ဒီမျက်နှာဖုံးဓာတ်ပုံဟာ တေလာဆွစ်ရဲ့ ”Reputation”တေးအယ်လ်ဘမ် ခေတ်မှာတော့ ပထမဆုံးရိုက်ကူးခဲ့တဲ့မျက်နှာဖုံးဓာတ်ပုံပါ။ ဒါ့အပြင် ယင်းဓာတ်ပုံဟာ လာမယ့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလထုတ် ဗြိတိန်ရဲ့ ”Vogue” မဂ္ဂဇင်းမှာဖော်ပြသွားမှာဖြစ်တာကြောင့် ၂ဝ၁၈ ခုနှစ် အတွင်း ပထမဆုံးဖော်ပြခြင်းခံခဲ့ရတဲ့ တေလာဆွစ်ရဲ့ မဂ္ဂဇင်းမျက်နှာဖုံး လည်း ဖြစ်လာမှာဖြစ်ပါတယ်။

လတ်တလောမှာ ထုတ်ဖော်ပြသလာခဲ့တဲ့ အဆိုပါမျက်နှာဖုံး ဓာတ်ပုံရဲ့အောက်မှာတော့ တေလာဆွစ်က ”မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံ ရိုက်ပြီးခဲ့တာ နည်းနည်းကြာခဲ့ပါပြီ”လို့ ရေးသားဖော်ပြခဲ့တာတွေ့ရ ပါတယ်။

Ref: NHK

Leave a Reply