Advertisements
ပုံစာ - ၂၀၁၉ ဧပြီ ၂ ရက်နေ့က ရန်ကုန်၊ အင်းစိန်မြို့နယ် ရဲစခန်းသို့ ရောက်လာသော ဒါရိုက်တာမင်းထင်ကိုကိုကြီး (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

By ဝင်းနန္ဒာ/Myanmar Now
2/04/2019

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား အမှုဖွင့်ထားသည်မှာ ၎င်း Facebook ပေါ်တွင် ရေးသားခဲ့သည့် ရေးသားချက် ၁၀ ခုကြောင့် ဖြစ်ကြောင်း ယနေ့ သိရှိရသည်။

၎င်း၏Facebook “Ko Ko Gyi” တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အတွင်း ရေးသားခဲ့သည့် ရေးသားမှုများသည် တပ်မတော်ကို ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု ဆိုကာ အင်းစိန်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခံထားရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ၎င်းကို ပြောဆိုခဲ့သည်ဟု သိရှိရသည်။

ထိုရက်များအတွင်း ၎င်း၏ရေးသားချက်များတွင် တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ဝင်ရောက် နေရာယူထားမှု၊ လွှတ်တော်တွင် တပ်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချက်များကို ကန့်ကွက်မှုများ အကြောင်း ဝေဖန်ထားသည်ကို တွေ့ရသည်။

ယနေ့ နေလယ် ၁၂ နာရီက ရဲစခန်းတွင် သွားရောက် စစ်ဆေးခံခဲ့ကြောင်း၊ ရဲစခန်းက ၎င်းကို အာမခံဖြင့် ပြန်လွှတ်လိုက်ကြောင်း မင်းထင်ကိုကိုကြီးက ပြောသည်။

၎င်းအား မတ်လ ၂၉ ရက်နေ့တွင် အမှုဖွင့်ခဲ့သူမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုမျိုးရန်နောင်သိန်း၊ The Voice ဂျာနယ်မှ တာဝန်ရှိသူတို့ကိုလည်း လွန်ခဲ့သည်နှစ်များက တပ်မတော်ကို အသရေညိုးနွမ်းအောင်ပြုသည် ဟူသော အလားတူ စွဲချက်ဖြင့် တရားစွဲခဲ့သူမှာလည်း ဒုတိယဗိုလ်မှူးကြီး လင်းထွန်းဖြစ်သည်။

မင်းထင်ကိုကိုကြီးက တရားဥပဒေ လမ်းကြောင်းအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ရဲစခန်းမှ ပြန်အထွက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ နိုင်ငံရေးအရ မှန်ကန်တဲ့အသိလေးတွေ ရစေချင်တဲ့စိတ် ကိုယ့်မှာရှိတယ်။ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို လည်းကောင်း ပုတ်ခတ်စော်ကားလိုခြင်း ကိုယ့်မှာ မရှိဘူး” ဟု ၎င်းက ပြောသည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူလည်း ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်နေရာယူထားမှုနှင့် ပတ်သက်ပြီး ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက် ရေးသားနေသူဖြစ်သည်။

သူရင်ဆိုင်ရမည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ အထိ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများမှာ ၁၇၉ မှု ရှိပြီ ဖြစ်ကြောင်း အသံ(လွတ်လပ်စွာထုတ်ဖော်ပြောဆိုလှုပ်ရှားမှုအဖွဲ့) က ထုတ်ပြန်ထားသည်။
==
ပုံစာ – ၂၀၁၉ ဧပြီ ၂ ရက်နေ့က ရန်ကုန်၊ အင်းစိန်မြို့နယ် ရဲစခန်းသို့ ရောက်လာသော ဒါရိုက်တာမင်းထင်ကိုကိုကြီး
(ဓာတ်ပုံ – ဝင်းနန္ဒာ/Myanmar Now)

Leave a Reply