သေဆုံးသွားသူမှာ ရက္ခိုင့်တပ်တော်တွင် "ရှေ့ဆောင်ဓါးကိုင်" တဦးဖြစ်သည်ဟု တပ်မတော်က ဆိုသည်။ (ဓာတ်ပုံ - ကာကွယ်ရေးဦးစီးချုပ်ရုံး)

Myanmar Now က ရရှိသည့် သတင်းများအရ စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် “ကျေးရွာအတွင်း” သေဆုံးခဲ့သူများတွင် ယခု တပ်မတော်က ထုတ်ပြန်သည့် AA အရာရှိဟုဆိုသူ မပါဝင်ခဲ့ပေ။

Myanmar Now
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာတွင် ဒီဇင်ဘာ ၁၁ ရက်က တပ်မတော်စစ်ကြောင်းတစ်ခု ရွာအတွင်းသို့ဝင်ရောက်ပြီး ပစ်ခတ်စဉ် သေဆုံးခဲ့သည်ဟုဆိုသည့် ကျောက်မှော်ကျေးရွာတာဝန်ခံ ဦးကျော်အေးမောင်မှာ ရက္ခိုင့်တပ်တော် AA မှ အရာရှိတစ်ဦးဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်လိုက်သည်။

တပ်မတော်စစ်ကြောင်း၏ စိတ္တရရွာကျေးရွာအတွင်း ပစ်ခတ်စဉ် အုပ်ချုပ်ရေးမှူးဦးညဏ်သိန်း၊ ကျော်မော်ကျေးရွာမှ တာဝန်ခံ ဦးကျော်အေးမောင်တို့ သေဆုံးသွားခဲ့သည်ဟု ယမန်နေ့ (ဒီဇင်ဘာ ၁၈ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် သေဆုံးသူများ၏အလောင်းများကို စစ်ဆေးရာတွင် ဦကျော်အေးမောင်မှာ AA အရာရှိဖြစ်ကြောင်း သက်သေပြနိုင်သည့် ဓါတ်ပုံအထောက်အထားများ တွေ့ရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

တပ်က ထုတ်ပြန်သည့် ပုံတွင် ဦးကျော်အေးမောင်၏ပုံနှင့် AA စစ်ရေးအခမ်းအနားတစ်ခု ပုံတို့ကို ယှဉ်တွဲပြထားပြီး စစ်ရေးပြအခမ်းအနားပုံပါ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ “ရှေ့ဆောင်ဓားကိုင်” တစ်ဦးသည် ဦးကျော်အေးမောင်ဖြစ်သည်ဟု ဆိုထားသည်။

ထို့ပြင် စိတ္တရကျေးရွာနှင့် အနီးအနားကျေးရွာများမှ ဖမ်းဆီးထားသည့် ရွာသား ၇ ဦးကလည်း ဦးကျော်အေးမောင်မှာ AA အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ရေးသားထားသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် Myanmar Now က ရေးသားခဲ့သည့် သတင်းအရ စိတ္တရကျေးရွာအတွင်း တပ်မတော်၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရာတွင် ဖုံသာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဉာဏ်သိန်း နှင့် ဒေါ်ဖြူဖြူဝင်းအမည်ရှိ အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း ရွာ၏ရာအိမ်မှူးနှင့် မိသားစုဝင်များက အတည်ပြုခဲ့သည်။

သို့သော် ဦးကျော်အေးမောင်နှင့် ပတ်သက်၍မူ တပ်မတော်၏ထုတ်ပြန်ချက်နှင့် ရွာသားများပြောပြချက် ကွဲလွဲနေပြီး၊ ဦးကျော်အေးမောင်မှာ ကျေးရွာအတွင်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူများအနက်မှ တစ်ဦးဆိုသည်ကို Myanmar Now က သီးခြား အတည်မပြုနိုင်ပေ။

Myanmar Now ၏ သတင်းရင်းမြစ်ဖြစ်သည့် မျက်မြင်သက်သေ ရွာသားများကမူ ဒီဇင်ဘာ ၁၁ ရက်နေ့ညတွင် တပ်မတော်စစ်ကြောင်းတစ်ခုက စိတ္တရရွာထဲသို့ ဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက် ရွာသား ၇ ဦးထက်မနည်းကို ဖမ်းဆီးသွားသည်ဟု ပြောသည်။

နောက်ရက်အနည်းငယ်အကြာတွင် ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦးဖြစ်သည့် ဦးကျော်အေးမောင်(ခ)မောင်မဲချေ၏ အလောင်းကို သလူချောင်းရွာအနီးတွင် သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများနှင့် တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

တဖက်တွင် တပ်မတော်မှ ထုတ်ပြန်သလို ဦးကျော်အေးမောင်မှာ အဖွဲ့ဝင်မဟုတ်ကြောင်း ရက္ခိုင့်တပ်တော် AA မှ ပြောခွင့်ရအရာရှိ ခိုင်သုခက ဆိုသည်။

“ဒါကတော့ သူတို့ သက်သက်လုပ်ကြံတာပဲဗျ၊ ဉာဏ်ဆင်ပြီး လိမ်လည်ထုတ်ပြန်တာ” ဟု ခိုင်သုခက ဆိုသည်။
ဦးကျော်အေးမောင်သည် ကျောက်မှော်ရွာလူကြီးတစ်ဦးသာဖြစ်ပြီး အဖွဲ့ဝင်မဖြစ်နိုင်ကြောင်း စိတ္တရရွာသူ မဖြူမချေက ပြောသည်။

စိတ္တရရွာအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ သုံးဦး ရှိသွားပြီဖြစ်ပြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အတည်ပြုချက်အရ ၇ ဦး ဖမ်းဆီးခံထားရကာ ၎င်းတို့ကို အမှုဖွင့်တရားစွဲဆိုနိုင်ရေးအတွက် မင်းပြားမြို့နယ် ရဲစခန်းသို့ အပ်နှံထားပြီးဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလယ်ပိုင်းရပ်ကွက်မှ အမျိုးသမီးတစ်ဦး ဦးခေါင်းနောက်ဘက်တွင် သေနတ်ဒဏ်ရာရရှိပြီး သေဆုံးခဲ့သေးသည်။

Leave a Reply