ရန်ကုန်၊ ဇန်နဝါရီ ၂၆။ ။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့မှ နေအိမ်များကို လုံခြုံရေးအရဟုဆိုကာ တပ်မတော်မှ ဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်ဟု မင်းပြားမြို့ နယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆိုသည်။

ယင်းသို့စစ်ဆေးခြင်းသည် ရန်ကုန်-စစ်တွေကို ဆက်သွယ်ထားသည့်ကားလမ်းအနီး မေလွမ်းကျေးရွာ ပတ်ဝန်းကျင်တွင် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခြင်းနှင့် ရခိုင့်တပ်မတော် (AA) နှင့်ပတ်သက်သည်ဟုဆိုကာ ကျေးရွာများရှိ နေအိမ်များသို့ လာရောက်မေးမြန်းစစ်ဆေးခြင်းများဖြစ်ကြောင်း သိရသည်ဟု ၄င်းကဆိုသည်။

“ ဒီဆက်သွယ်ရေးကားလမ်းနားမှာ ဟိုတလောက ဗုံးတစ်လုံးတွေ့တယ်ဗျ အဲ့ဒါနဲ့ ပတ်သက်ပြီး မေးလား မြန်းလားနဲ့ စစ်တယ် အိမ်ပေါ်တွေတက်ဝင်တယ်လို့ကျွန်တော်တို့ ကြားပါတယ်”ဟု ၄င်းကပြောကြားသည်။

ယင်းကဲ့သို့ စစ်ဆေးခြင်းကို ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ပြီး အဝရွာကျေးရွာနှင့် ဖားပြိုကျေးရွာ နှစ်ရွာတွင် ဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်းကြားသိရပြီး ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင်တော့ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခြင်းကို မကြားသိရသေးကြောင်း မင်းပြားမြို့နယ် အမှတ်် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကဆိုသည်။

ယင်းကဲ့သို့ ကျေးရွာများကို ဝင်ရောက်စစ်ဆေးရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ရွာသူရွာသားများ၏ အိမ်ထောင်စု စာရင်းများကို စစ်ဆေးခြင်းများ အိမ်ပေါ်သို့တက်ရောက်စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

“ဒီနေ့တော့ ကျွန်တော်နယ်မှာရှိနေတယ်ဗျ တပ်ကဝင်ရောက်စစ်ဆေးတယ်လို့တော့ မကြားရသေးဘူး လွန်ခဲ့တဲ့ရက်ကတော့ ကြာပြီဗျ ကျွန်တော်ကြားတယ် ရွာတွေကို စစ်တပ်က ဝင်နေတယ်ဆိုတာတော့ ”ဟု ၄င်းကဆိုသည်။

တပ်မတော်မှ ရွာများကို ဝင်ရောက်စစ်ဆေးခြင်းတွင် ရွာသူရွာသားများကို ဆွဲလားရမ်းလားပြုလုပ်မှုများရှိခဲ့သည်ဟု ကြားသိရပြီး ယခုလိုအပြုအမှုမျိုးပြုလုပ်ခဲ့ခြင်းသည် သဘာဝမကြဘူးဟု ဦးလှသိန်းအောင်ကဆိုသည်။

“သူတို့ရွာတွေကို စစ်တာတော့စစ်ပေါ့ဗျာ ဒါပေမယ့် သူတို့က စစ်တပ်ဥပဒေရှိတယ်ဆိုပြီး အခုလို ဆွဲလားရမ်းလားလုပ်သေးတာတွေရှိတယ် နောက်ပြီး အိမ်တွေလိုက်ပြီး ရှာဖွေတယ်ဆိုတာကတော့ သိပ်ပြီးသဘာဝမကျဘူးလို့ ကျွန်တော်မြင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုလို မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာများကို တပ်မတော်မှ ဝင်ရောက်စစ်ဆေးခြင်းပတ်သက်ပြီး မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးထွန်းက “ ဝင်စစ်တယ်ဆိုတာတော့ ကျွန်တော်မသိဘူးဗျ ကျွန်တော်ထင်တာတော့ ဒါကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကဘဲ သိမယ် လုံခြုံရေးပိုင်းဆိုင်ရာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဘဲ ပိုသိလိမ့်မယ် သူတို့ကိုဘဲမေးလိုက်ပါ”ဟု ဆိုသည်။

အောင်ကျော်ထွန်း
14915375_1849105528655985_5356912340578260614_n

Leave a Reply