(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့)

မော်လမြိုင်၊ ဇူလိုင် ၄

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မင်းလွင်(မောလေး)တောင် စီမံကိန်းအား ဆောင်ရွက်နိုင်ရန် ကုမ္ပဏီမှ ဆက်လက်ကြိုးပမ်းလာမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဋ္ဌာနအနေဖြင့် တစ်နိုင်ငံလုံးအပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လေးစားလိုက်နာရန် လိုအပ်ကြောင်း သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

အဆိုပါမင်းလွင်တောင်ကို စက်ရုံတည်ဆောက်ရန်နှင့် ဘိလပ်မြေထုတ်လုပ်ရန်အတွက် ကုမ္ပဏီက ကြိုးပမ်းနေမှုကြောင့် ၂၀၁၆ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည့်အပြင် ဒေသခံပြည်သူများကလည်း ကန့်ကွက်ခဲ့ကြသည်။

“ဒေသခံပြည်သူလူထုက သဘောမတူဘူး။ KNU ဗဟိုရဲ့သဘောထားကိုလည်း သိပြီးသားဖြစ်တယ်။ ဆိုလို့ရှိရင် နောက်တစ်ခုက ကျွန်မတို့ NCA စာချုပ်ရဲ့ နောက်ဆက်တွဲမှာ ပါတဲ့အချက်တွေ စီမံကိန်း လုပ်တဲ့နေရာမှာ လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ရှိတယ်။ ဒါတွေကို လေစားလိုက်နာဖို့လိုတယ်။ ကျွန်မမြင် တယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

အဆိုပါ မင်းလွင်တောင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်အရေး အကာအကွယ်ရပိုင်ခွင့်ရှိသည့် တောင်တစ်ခုဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေပြဋ္ဌာန်းချက်အရ အမျိုးသားရေးလက္ခဏာများကို ကာကွယ်ထိန်းသိမ်းပေးရမည်ဆိုသည့်အချက်များလည်း ပြဋ္ဌာန်းချက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ဥပဒေအရလည်း ကာကွယ်ပေးပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက ကြည့်မယ်ဆိုရင် ဒီတောင်ဟာ ထိလို့ရတဲ့တောင်မဟုတ်ဘူး။ ကရင်လူမျိုးတွေရဲ့ အထွဋ်အမြတ်ထားတဲ့ နေရာဖြစ်တယ် ဆိုတဲ့ဟာကိုတော့ ပြည်ထောင်စုကနေ ဒါကို စေ့စေ့စပ်စပ်နဲ့ လေ့လာသုံးသပ်ပြီးတော့ ပြန်လည်ဆင်ခြင်သုံး သပ်ဖို့သင့်တယ်လို့ ဒါကို ကျွန်မအနေနဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောချင်တယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

မြေဧရိယာ ၉၃၇ ဧကကို ဖြူမင်းထွန်းကုမ္ပဏီမှ ထုတ်လုပ်မှုခွဲဝေခံစားသည့်စနစ်ဖြင့် ထုံးကျောက်အကြီးစားထုတ်လုပ်မှု လုပ်ငန်းသဘောတူစာချုပ် ဆက်လက်ချုပ်ဆိုနိုင်ရေးအတွက် ဒေသခံများ၏ သဘောထား မှတ်ချက်ပြန်ကြားပေးရန် ပြည်ထောင်စုဝန်ကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာနမှ ဇွန်လ ၇ ရက်နေ့က သထုံခရိုင်အုပ်ချုပ်ရေးဦးစီးဋ္ဌာနကို သဘောထား တောင်းခံထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ရှင်းပြသည်။

“လျှောက်ထားတဲ့မြေဧရိယာတွေကို ကွင်းဆင်းစစ်ဆေးပြီးတော့ ဒေသခံသဘောထားမှတ်ချက်နဲ့ အတူပြန်ပြီးအကြောင်းကြားဖို့ဆိုပြီးတော့ အကြောင်းကြားစာထွက်လာတယ်။ အဲဒီအကြောင်းကြားစာထွက် လာတဲ့အခါကျတော့ အဲဒီအကြောင်းကြားစာကြောင့် သဘောထားမှတ်ချက်တွေ ပြန်ယူပေးရတဲ့ပုံစံမျိုးပေါ့ ဒီစာရဲ့ဆိုလိုရင်းအရဆိုရင်တော့ နောက်ဆုံးအခြေအနေက အဲဒါပါပဲ”ဟု ဦးစောအောင်မြင့်ခိုင်က ပြောသည်။

တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေး ဥပဒေပြဋ္ဌာန်းထားသည့်အတိုင်း တိုင်းရင်းသားဒေသများတွင် သယံဇာတအရင်းအမြစ်ထုတ်ယူသုံးစွဲမည်ဆိုပါက တိုင်းရင်းသားရေးရာဝန်ကြီးဋ္ဌာနနှင့်သက်ဆိုင်သည့်အပိုင်းကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဋ္ဌာနထံ မိမိအနေဖြင့် စာဖြင့် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မင်းလွင်တောင်သည် ဒေသခံကရင်တိုင်းရင်းသားများက ကိုးကွယ်ယုံကြည်မှုအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း၊ အမျိုးသားရေးလက္ခဏာအရသော်လည်းကောင်း အမှတ်အသားတစ်ခုဖြစ်ပြီး ဒေသခံများ ခရီးသွားပါက ယင်းတောင်ရှိ ကျောက်တုံးလေးများကို ယူကာ အန္တရာယ်ကင်းစင်စေရေးအတွက် အဆောင်အဖြစ် ယူသွားသည့်ဓလေ့များရှိကြောင်း ဒေသခံများက ရှင်းပြသည်။

“ဘိုးဘွားတွေရဲ့ လိပ်ပြာဝိညာဏ်တွေ ဒီနေရာမှာ ရှိတယ်။ သူတို့ဘိုးဘွားတွေ လာကန်တော့ရင် ဒီတောင်မှာပဲ လာကန်တော့ကြတယ်ဆိုတဲ့နေရာဖြစ်တယ်။ ဒီနေရာက ကျွန်တော်တို့ရဲ့ အထွဋ်အမြတ်ထားတဲ့နေရာ ဖြစ်တယ်”ဟု ဒေသခံများက ပြောသည်။

မင်းလွင်တောင်ကိစ္စနှင့် ပတ်သက်၍ သဘောထားကောက်ခံခဲ့သည့်နေရာမှာ EIA, SIA အစရှိသည့် လုပ်ငန်းစဉ်များနှင့် ဒေသခံပြည်သူများ၏ သဘောထားတောင်းခဲ့သည့်နေရာတွင် ပြည့်စုံမှုရှိသလားဟု ၂၀၁၈ ခုနှစ် မတ်လအတွင်းက ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မေးခွန်းမေးမြန်းခဲ့သည်။

မင်းလွင်တောင်၌ ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဓာတ်သတ္တု စမ်းသပ်တိုင်းတာရေးနှင့် ဘိလပ်မြေ စက်ရုံ တည်ဆောက်မည့် စီမံကိန်းကို အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စတင်စမ်းသပ် လေ့လာခဲ့ပြီး လက်ရှိအချိန်အထိ စီမံကိန်းဖြစ်မြောက်ရေးအတွက် ကုမ္ပဏီဘက်မှ ကြိုးပမ်း နေဆဲဖြစ်ကြောင်း သိရသည်။

Written by အောင်မြတ်

Leave a Reply