Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၂၇

မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ ရဲဘော်ကုန်းလမ်း၊ ဆွမ်းလောင်းပွဲတော်တွင် နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီခန့် ဇာတ်သဘင်ဖျော်ဖြေပွဲတော်အတွင်း မင်းသမီး၊ မင်းသားရုပ်ပုံများဖြင့် မဲလိပ်လုပ် လောင်းကစားဒိုင်ပြုလုပ်သည့် အမျိုးသမီးတစ်ဦးကို ဖမ်းမိခဲ့ကြောင်း မော်လမြို့မရဲစခန်းမှ သိရသည်။

အများပြည်သူသွားလာသည့် နေရာတွင် လောင်းကစားပြုလုပ်နေသည့် မခင်စန်းဝေထံမှ မင်းသား၊ မင်းသမီးများရုပ်ပုံများဖြင့် မဲလိပ်ပြုလုပ်ထားသော မဲလိပ် ၁၈ လိပ်၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ငွေစက္ကူ ၃၁၀၀၀ ကျပ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“လောင်းကစားတွေက အသေးကနေ အကြီးအထိစပြီး ဥပမာ ရုပ်ပုံမဲလိပ်တွေစပြီး လောင်းကြေးတွေနဲ့ လုပ်တဲ့ လောင်းကစားမှုတွေကနေ ရာဇဝတ်မှုတွေဖြစ်လာနိုင်တယ်။ ခိုးမှုတွေ၊ လုယက်မှုတွေဖြစ်နိုင်တယ်။ ပြည်သူတွေမှာလည်း တားမြစ်ထုတ်ပြန်ချက်တွေကို မပြုလုပ်ဖို့က တာဝန်ရှိတယ်” ဟု မြို့မရဲစခန်းမှူး ဒုရဲမှူး မင်းအောင်က ပြောဆိုသည်။တစ်လအတွင်း မြို့မရဲစခန်းအပိုင်ရှိ အများသူငှားသွားလာသည့် နေရာများ၊ ဇာတ်ပွဲဖျော်ဖြေရေးနေရာများတွင် လောင်းကစားပြုလုပ်နေမှုများ လိုက်လံဖမ်းဆီးအရေးယူဆောင်ရွက်ထားသော လောင်းကစားမှု ၃ မှု ဖမ်းဆီးထားကြောင်း ၎င်းက ဆိုသည်။

“ဇာတ်ပွဲတိုင်း အလိုလိုမှာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာတွေ့တယ်။ တိုင်လိုက်ရင်လည်း တစ်ချက်ပဲ၊ လုံခြုံရေးတွေလာတဲ့အချိန် ခဏသိမ်းပြီး လောင်းကစားဝိုင်းတွေ ပြန်ပြုလုပ်နေတာတွေ့နေရတယ်” ဟု မော်လမြိုင်မြို့ဒေသခံများက ပြောဆိုသည်။

လောင်းကစားပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မခင်စန်းဝေကို မော်လမြိုင်မြို့မရဲစခန်းမှ (ပ) ၆၅၂/ ၂၀၁၇၊ လောင်းကစားဥပေပုဒ်မ ၁၂ (က) အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှတ်တမ်းအရ သိရသည်။

ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်သည့် အထူးဥပဒေ ပြစ်မှုနှင့် ပြစ်ဒဏ်များ စာအုပ်တွင် ဖော်ပြထားသည်မှာ အများပြည်သူသွားလာသည့် နေရာများတွင် လောင်းကစားပြုမှု ကျူးလွန်လျှင် အနည်းဆုံး ထောင်ဒဏ် ၃ လနှင့် အများဆုံး ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေဒဏ် ၅၀၀ ကျပ် အထိဖြစ်စေ ချက်မှတ်ခံရမည်အပြင် ပြစ်မှုနှင့် အကျူံးဝင်သော သက်သေခံပစ္စည်းများနှင့် ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply