မော်လမြိုင်၊ နိုဝင်ဘာ ၂၃

မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်တွင် မင်္ဂလာဆောင်ပြီး (၂၄) နာရီပင် မပြည့် သေးသည့် ဇနီးမောင်နှံ နှစ်ဦး တို့၏ ပစ္စည်းနှင့် ငွေ (၁၄) သိန်းကျော် အခိုးခံရမှု ဖြစ်ပွားခဲ့၍ နိုဝင်ဘာ (၂၀) ရက်နေ့တွင် နယ်မြေခံ ရဲစခန်းသို့ လာရောက်၍ တိုင်ကြား ခဲ့သည်။

“သူတို့ ဇနီးမောင်နှံက Stran Hotel မှာ နိုဝင်ဘာ ၁၉ ရက် ညနေမှာ မင်္ဂလာဆောင် ပြီးတော့ သူငယ်ချင်း တွေကို (၉) နာရီကနေ ည (၁၁) နာရီ အထိ အပြင်မှာ သွားဧည့်ခံပြီး အိမ်ကို ပြန်ခဲ့တယ်။ မင်္ဂလာလက်ဖွဲ့ ပစ္စည်းတွေ ဖွင့်ဖောက် ကြည့်ပြီး ည (၁) နာရီလောက်မှာ အိပ်ယာ ဝင်ခဲ့တယ်။ အဲဒီမနက် (၆) နာရီမှာ အိပ်ယာကနိူးတော့ ဖုန်းနဲ့ ပိုက်ဆံပျောက်တယ်ဆိုပြီး လာတိုင် ထားတယ်”ဟု စစ်ဆေးသည့် ရဲအရာရှိ ဒုရဲအုပ် မျိုးဇော်အောင်က ပြောဆိုသည်။

I Phone နှင့် Huawai P9 အမျိုးအစား လက်ကိုင်ဖုန်း နှစ်လုံးနှင့် ငွေသား အပါအဝင် စုစုပေါင်း ကာလတန်ဖိုး ၁၄ သိန်းကျော် အခိုးခံ ခဲ့ရသဖြင့် အမြန်ဆုံး ဖမ်းဆီး နိုင်ရေး အတွက် ဦးထူးနိုင်လင်းနှင့် ဇနီးဖြစ်သူ မိသန္တာကျော်တို့ နှစ်ဦးမှ လာရောက် တိုင်တန်း ထားကြောင်း တိုင်တန်းချက်တွင် ဖော်ပြထားသည်။

ဇေယျာသီရိ နယ်မြေ ရဲစခန်းမှ ယင်းအမှုအား (ပ) ၂၅၉/ ၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ အရ အမှုလက်ခံ စစ်ဆေးဆောင်ရွက် နေကြောင်း ဒုရဲအုပ်မျိုးဇော်အောင်က ဆိုသည်။

Written by ခေတ်မင်း

Leave a Reply