အိန္ဒိယ မင်္ဂလာဆောင်များမှာ ခမ်းနားထည်ဝါမှုများ၊ အရောင်အသွေးစုံသော ဝတ်စုံများ၊ ရက်ပေါင်းများစွာ ကျင်းပတတ်သည့် ဓလေ့ကြောင့် နာမည်ကြီးပါသည်။ အိန္ဒိယတွင် တစ်နှစ်လျှင် မင်္ဂလာမောင်နှံ သန်းပေါင်းများစွာ မင်္ဂလာဆောင်နေကြပါသည်။

သြစတြေးလျ ခရီးသွားဘလော့ဂါနှစ်ဦးသည် အိန္ဒိယမင်္ဂလာဆောင်တစ်ခုသို့ နှစ်ရက်ကြာ တက်ရောက်ခွင့် လက်မှတ်ကို Join My Wedding ဝန်ဆောင်မှု လုပ်ငန်းမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၂၀၀ ပေး၍ ဝယ်ယူခဲ့သည်။

Wedding Tourism ခေါ် မင်္ဂလာပွဲအခြေပြု ခရီးသွားလုပ်ငန်းမှာ ခရီးသွားကဏ္ဍတွင် ခေတ်စားလာသော နယ်ပယ်တစ်ရပ်ဖြစ်သည်။

Joint My Wedding ဝန်ဆောင်မှု၏ ဝက်ဘ်ဆိုက်တွင် မင်္ဂလာမောင်နှံများက မိမိတို့ မင်္ဂလာပွဲ အသေးစိတ်ကို တင်ထားပြီး နိုင်ငံတကာ ခရီးသွားများအနေဖြင့် မိမိတို့ တက်ရောက်လိုသော မင်္ဂလာပွဲအတွက် ပွဲတက်လက်မှတ် ဝယ်ယူနိုင်သည်။ အဆိုပါ လက်မှတ် ရောင်းရငွေကို မင်္ဂလာမောင်နှံက ရရှိပါသည်။

“စဉ်းစားကြည့်လိုက်ရင် မင်္ဂလာပွဲထက် ပိုပြီးတော့ ယဉ်ကျေးမှုနဲ့ သက်ဆိုင်တာ ရှိကို မရှိဘူး။ မင်္ဂလာပွဲမှာဆိုရင် ဒေသခံ လူတွေရှိတယ်။ ဒေသခံ အစားအစာတွေရှိတယ်။ ဝတ်စုံတွေ၊ သီချင်းသံတွေအကုန်ရှိတယ်” ဟု Join My Wedding လုပ်ငန်း ထူထောင်သူ ပါကန်ယီက CNBC သို့ ပြောသည်။
ဤလုပ်ငန်း ထူထောင်ရန် စိတ်ကူးမှာ သူငယ်ချင်းများ၏ မင်္ဂလာဆောင်များကို မတက်ရောက်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်ပြီးနောက် ရလာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အိန္ဒိယ မင်္ဂလာပွဲမှာ ကမ္ဘာတွင် နာမည်ကြီးသော်လည်း အိန္ဒိယမဟုတ်သူများအနေဖြင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှု မရှိဘဲ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ခွင့် ရရန် ခက်ခဲနေသောကြောင့် မင်္ဂလာပွဲ တက်ရောက်ခွင့်လက်မှတ် ရောင်းရန် စိတ်ကူးရခြင်းဖြစ်သည်။

ယခုအခါတွင် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် Join My Wedding ဝန်ဆောင်မှုမှ တစ်ဆင့် အိန္ဒိယ မင်္ဂလာဆောင်ပေါင်း ၁၀၀ ကျော်သို့ တက်ရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ခရီးသွား လုပ်ငန်းတော်တော်များများမှာလည်း ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် အဆိုပါ မင်္ဂလာပွဲများသို့ တက်ရောက်ခွင့်ဝန်ဆောင်မှုများပေးလာကြကြောင်း သိရသည်။

ကျွမ်းကျင်သူများကတော့ အိန္ဒိယနိုင်ငံ၏ မင်္ဂလာပွဲကဏ္ဍသည် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့် တန်ဖိုးရှိပြီး တစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်း တိုးတက်နေသည်ဟု တွက်ချက်ထားကြသည်။

Source: CNBC

Leave a Reply